Thursday, June 21, 2012

မွတ်စလင်တွေဟာအခြေခံဝါဒီများနဲ့ အကြမ်းဖက်ဝါဒီတွေပဲလား။


မွတ်စလင်တွေဟာအခြေခံဝါဒီများနဲ့ အကြမ်းဖက်ဝါဒီတွေပဲလား။
အမေး
မွတ်စလင် အများစုကြီးက ဘာကြောင့် အခြေခံဝါဒီတွေနဲ့ အကြမ်းဖက် ဝါဒီတွေ ဖြစ်နေကြရတာပါလဲ။
အဖြေ
ဘာသာရေးဆွေးနွေးကြရာမှာပဲဖြစ်ဖြစ် ဒါမှမဟုတ် ကမ္ဘာ့အရေး ဆွေးနွေးဝိုင်းမှာပဲဖြစ်ဖြစ် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း မွတ်စလင်တွေကို မကြာခဏဆိုသလို ဒီမေးခွန်းကိုပဲ သံကုန်ဟစ်ဆိုလာကြတယ်။ အစ္စလာမ်ရယ် မွတ်စလင်တွေနဲ့ ပတ်သက် လာရင် သတင်းမှား သက်သက်ကိုသာ သဲသဲမဲမဲ ဖော်ပြနေခဲ့ကြတဲ့ မီဒီယာပုံစံတိုင်းလိုပဲ မွတ်စလင်တွေကိုဆို ပုံသေရိုက်သွင်း ဖော်ပြနေ ကြပါတယ်။ တကယ်ဆိုရင် ဒီလိုသတင်းအချက်အလက်မှားတွေနဲ့ အမှားဝါဒ ဖြန့်ချက်တွေကြောင့် မကြာခဏ ဆိုသလိုပဲ မွတ်စလင်တွေ အပေါ် ခွဲခြားဆက်ဆံတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဦးတည် ပေါ်ပေါက်စေတာ ဖြစ်ပါတယ်။ အိုကလာဟိုးမား ဗုံးဖောက်ကွဲမှု နောက်ပိုင်းမှာ အမေရိကန်မီဒီယာတွေမှာ မွတ်စလင်ဆန့်ကျင်ရေးကို သတင်းစာတွေထဲကနေပြီး ခပ်သွက်သွက်ကလေး နှက်လိုက်ပုံက ဒီတိုက်ခိုက်မှု နောက်ကွယ်မှာ အရှေ့အလယ်ပိုင်းရဲ့ လျှို့ဝှက်ကြံစီမှုကြီး ရှိနေဆိုတဲ့ ရေးသားချက်လိုမျိုးပေါ့။ နောက်ပိုင်းကျမှ လက်သည်တရားခံက အမေရိကန်စစ်သား တစ်ဦးဆိုတာကို ဖော်ထုတ်နိုင်ခဲ့ကြတယ်။
အခု အခြေခံဝါဒနဲ့ အကြမ်းဖက်ဝါဒရယ်လို့ စွပ်စွဲချက်တွေကို ဆန်းစစ်ပိုင်းခြား ကြည့်ကြပါစို့လား။
၁။       အခြေခံဝါဒီ၏ အဓိပ္ပါယ်
အခြေခံဝါဒီဆိုတာဟာ မိမိ လိုက်နာနေတဲ့ သီအိုရီ သို့မဟုတ် အယူဝါဒတစ်ခုကို အခြေခံကျကျ လိုက်နာသွားသူကို ခေါ်တာပါ။ လူတစ်ဦးဟာ ဆရာဝန်ကောင်းတစ်ဦးဖြစ်ဖို့အတွက် သူ့အနေနဲ့ ဆေးပညာရဲ့ အခြေခံတွေကို သိရမယ်၊ လိုက်နာရမယ်၊ လက်တွေ့ ကျင့်သုံးရပါမယ်။ လူတစ်ဦးဟာ သင်္ချာပညာကျော်ကြီးတစ်ဦး ဖြစ်ချင် ရင်လည်း သူ့အနေနဲ့ သင်္ချာပညာရပ်ရဲ့ အခြေခံတွေကို သိရမယ်။ လိုက်နာ ရမယ်။ လက်တွေ့ ကျင့်သုံးသွားရမယ်။ သူဟာ သင်္ချာပညာအရာမှာ အခြေခံဝါဒီတစ်ဦး ဖြစ်သင့်ပါတယ်။ ဒီလိုပဲ လူတစ်ဦးက သိပ္ပံပညာရှင် ကောင်းတစ်ဦးဖြစ်ချင်ရင် သိပ္ပံပညာရပ်ရဲ့ အခြေခံများကို သိလည်း သိသင့်တယ်။ လိုက်လည်း လိုက်နာသင့်တယ်။ လက်တွေ့လဲ ကျင့်ဆောင် သွားရပါမယ်။ သိပ္ပံပညာနယ်ပယ်မှာ သူဟာ အခြေခံဝါဒီ တစ်ဦး ဖြစ်သင့်တယ်။
၂။       အားလုံးသော အခြေခံဝါဒီတွေဟာ မတူညီကြပါဘူး။
အားလုံးသော အခြေခံဝါဒီများကို ဝါးလုံးရှည်နဲ့ သိမ်းကြုံးပြီးတော့ မရမ်းသင့်ပါဘူး။ အခြေခံဝါဒီအားလုံးကို အကောင်းချည်းပဲလို့ရော ဒါမှ မဟုတ်ရင်လဲ အဆိုးကြီးပဲ ဆိုပြီးတော့ပါ အမျိုးအစားမခွဲနိုင်ပါဘူး။ အခြေခံ ဝါဒီတစ်ဦးဦးအပေါ် ဒီလိုမျိုး အမျိုးအစားခွဲဖို့က အခြေခံဝါဒီတစ်ဦးအနေနဲ့ သူလှုပ်ရှားရာနယ်ပယ်နဲ့ သူ့လှုပ်ရှားမှုအပေါ်မှာပဲ မူတည်နေပါတယ်။ အခြေခံဝါဒီ ဓါးပြ သို့မဟုတ် သူခိုးတစ်ဦးက လူ့အဖွဲ့အစည်းကို အန္တရာယ် သင့်စေနိုင်တယ်။ ဒါကြောင့် မလိုလားအပ်သူပဲ။ လူတစ်ဦးဟာ အခြေခံဝါဒီ ဆရာဝန် တစ်ဦးဖြစ်နေရင်တော့ သူက လူ့အသိုင်းအဝိုင်းကို အကျိုးပြုသူပဲ။ လေးစားဂုဏ်ပေးမှု အထားခံရဆုံးသူပဲ။
၃။       အခြေခံဝါဒီ မွတ်စလင်တစ်ဦး ဖြစ်ရတာကို ကျွန်တော် ဂုဏ်ယူပါတယ်
အလ္လာဟ်ရဲ့ ကျေးဇူးတော်ကြောင့် ကျွန်တော်က အခြေခံဝါဒီ မွတ်စလင်တစ်ဦးပဲ။ အစ္စလာမ်ရဲ့ အခြေခံတွေကို သိလဲသိ၊ လိုက်လဲ လိုက်နာပြီး လက်တွေ့လဲ ကျင့်သုံးနေသူပါ။ ကျွန်တော့်ကိုယ် ကျွန်တော် အခြေခံဝါဒီ မွတ်စလင်တစ်ဦးဖြစ်ရတာကိုလည်း ဂုဏ်ယူပါတယ်။ ဘာကြောင့်လဲဆိုတော့ အစ္စလာမ်ရဲ့ အခြေခံဝါဒတွေက လူသားထုကြီးနဲ့ ကမ္ဘာကြီးကို အကျိုးပြုနေလို့ပဲလေ။ ခြုံငုံဆိုရရင် လူသားထုကြီး တစ်ရပ် လုံးရဲ့ အကျိုးစီးပွားကို ဆန့်ကျင်တဲ့ ဒါမှမဟုတ် အန္တရာယ်သင့်စေတဲ့ အချက်ကို အစ္စလာမ်ရဲ့ ဘယ်အခြေခံတစ်ခုမှာမှ မတွေ့ကြရလို့ပါပဲ။ လူအတော်များများကပဲ အစ္စလာမ်နဲ့ပတ်သက်လို့ အထင်အမြင်လွဲမှားမှု တွေ ဝိုင်းခြာပတ်နေပြီး အစ္စလာမ်ရဲ့ သွန်သင်ချက် တော်တော်များများကပဲမလျော်မကန် ဖြစ်နေတယ်။ သမာသမတ် မကျဘူးဆိုပြီး သတ်မှတ် နေခဲ့ကြတယ်။ တကယ်လို့သာ လူတစ်ဦးအနေနဲ့ အစ္စလာမ်ရဲ့ သွန်သင် ချက်တွေကို ပွင့်လင်းတဲ့ စိတ်ထားနဲ့ အချက်ကျကျ ပိုင်းခြားဆန်းစစ် ကြည့်သွားမယ်ဆိုရင် အစ္စလာမ်က လူတစ်ဦးချင်းကိုရော လူ့အသိုင်းအ ဝိုင်းကြီးကိုပါ အပြည့်အဝကြီး အကျိုးပြုနေတယ်ဆိုတဲ့ အချက်ကနေပြီး လွတ်ထွက်သွားစရာ မရှိပါဘူး။
၎။       Fundamentalist  ရဲ့ အဘိဓါန်လာ အဓိပ္ပါယ်
ဝက်ဗ်စတား (Webster) အဘိဓါန်အရ (Fundamentalist) အခြေခံဝါဒဆိုတာဟာ ၂၀ ရာစုနှစ်ရဲ့ စောစောပိုင်းမှာ ပေါ်ပေါက်လာခဲ့ တဲ့ အမေရိကန် ပရိုတက်စတင့်ဝါဒရဲ့ လှုပ်ရှားမှုကြီးတစ်ခုလို့ ဆိုထား ပါတယ်။ ဒီဝါဒက ခေတ်သစ်ဝါဒကို တုန့်ပြန်တယ်။ သမ္မာကျမ်းစာဟာ ယုံကြည်ချက်ရေးရာမှာရော ကိုယ်ကျင့်တရားပိုင်းမှာသာမက လုံးစေ့ပါဠ် စေ့ သမိုင်းမှတ်တမ်းပြုမှု အရမှာပါ လုံးဝ အမှားကင်းတယ်ရယ်လို့ ဒီဝါဒီတွေက အလေးကဲ ပြောဆိုခဲ့ကြတယ်။ သမ္မာကျမ်းစာကို ထာဝရ ဘုရားရှင်ရဲ့ ဗျာဒိတ်တော်လာ စကားစစ်စစ်အဖြစ် ယုံကြည်ရမယ်ဆိုပြီး အလေးအနက် ဆိုခဲ့ကြတယ်။ ဒီလိုနဲ့ အခြေခံဝါဒ (Fundamentalism) ဆိုတဲ့ အသုံးအနှုန်းဟာ အစတုံးက သမ္မာကျမ်းစာဟာ ဘာအမှား အယွင်း တစ်စုံတရာရာမှ မပါရှိတဲ့ ကျမ်းဆိုပြီး ယုံကြည်ခဲ့ကြတဲ့ ခရစ်ယာန် ဘာသာဝင် အုပ်စုတစ်စုအတွက် ရည်စူးပြီး သုံးစွဲခဲ့တဲ့ အခေါ်အဝေါ်သာ ဖြစ်ပါတယ်။
အောက်စဖို့ဒ် အဘိဓါန်အရ အခြေခံဝါဒ (Fundamentalism) ဆိုတာဟာ ဘာသာတရား တစ်ခုခု အထူးသဖြင့် အစ္စလာမ်ရဲ့ ရှေးကျတဲ့ ဒါမှမဟုတ် အခြေခံကျတဲ့ အယူဝါဒများကို တင်းတင်းကြပ်ကြပ် စောင့်ထိန်းလိုက်နာသွားတဲ့ သူတွေကို ဆိုလိုတာပါ။
ကနေ့မှာတော့ လူတစ်ဦးက အခြေခံဝါဒီ (Fundamentalism) ဆိုတဲ့ စကားကို အသုံးပြုလာပြီဆိုရင် အကြမ်းဖက်ဝါဒီ တစ်ဦး ဖြစ်တဲ့ မွတ်စလင်တစ်ဦးကို မြင်ယောင်ပြီး ပြောဆိုသုံးနှုန်းတာ ဖြစ်နေ ပါတယ်။
၅။       မွတ်စလင်တိုင်းသည် အကြမ်းဖက်ဝါဒီ (terrorist) တစ်ဦး ဖြစ်သင့်သည်
မွတ်စလင်တိုင်းက အကြမ်းဖက်ဝါဒီ တစ်ဦး ဖြစ်သင့်ပါတယ်။ အကြမ်းဖက်ဝါဒီဆိုတာ ကြောက်ရွံ့မှုကို ပေါ်ပေါက်စေသူကို ခေါ်ဆိုတာ ပါ။ သူခိုးဓါးပြတစ်ဦးဟာ ရဲကိုမြင်တာနဲ့ ကြောက်စိတ် ဝင်သွားတော့တာပဲ။ ရဲက သူခိုးဓါးပြအတွက်ကတော့ အကြမ်းဖက်ဝါဒီတစ်ဦး ဖြစ်တယ်။ အလား တူပဲ မွတ်စလင်တစ်ဦးကလည်း လူ့လောကကြီးကို ရုပ်ဆိုးအကျည်းတန် စေတဲ့ သူခိုးဓါးပြနဲ့ မုဒိမ်းသမားတွေလို ရာဇဝတ်ကောင်တွေအတွက် အကြမ်းဖက်ဝါဒီ တစ်ဦး ဖြစ်သင့်ပါတယ်။ ဒီလို လောကကို အလှဖျက်သူ များဟာ မွတ်စလင်တစ်ဦးကိုမြင်ရင် အဲဒီသူကို ကြောက်ရွံ့သွားစေရပါမယ်။ သာမန် ပြည်သူများအကြားမှာ အကြောက်တရားကို ပေါ်ပေါက်လာစေတဲ့ သူမျိုးကို ယေဘူယျအားဖြင့် အကြမ်းဖက်ဝါဒီလို့ ခေါ်ကြတာပါ။ ဒါပေမဲ့ စစ်မှန်တဲ့ မွတ်စလင်ကတော့ သာမန် အပြစ်မဲ့ ပြည်သူတွေအတွက် မဟုတ်ဘဲ မသမာသူတစ်စုအတွက်သာ အကြမ်းဖက်ဝါဒီဖြစ်သင့်တာမျိုးပါ။ တကယ်စင်စစ်ဆို မွတ်စလင်တစ်ဦးဟာ အပြစ်မဲ့ပြည်သူများအတွက်ငြိမ်းချမ်းရေးရဲ့ မူလဘူတသာ ဖြစ်သင့်ပါတယ်။
၆။       အလားတူ ပုဂ္ဂိုလ်ကို အလားတူ လုပ်ဆောင်ချက်ကြောင့်ပဲ  ဘွဲ့တံဆိပ် အမျိုးမျိုး ဆိုလိုတာက အကြမ်းဖက်ဝါဒီတို့ ဒါမှမဟုတ် မျိုးချစ်ဝါဒီတို့ ဆိုပြီး တပ်ကြတယ်။
ဗြိတိသျှအုပ်ချုပ်ရေးကနေ အိန္ဒိယလူမျိုးတို့ လွတ်လပ်ရေးမရ ခင်တုံးက အကြမ်းမဖက်တဲ့ဝါဒကို မကျင့်သုံးကြတဲ့ လွတ်လပ်ရေး တိုက်ပွဲဝင် အချို့ကို ဗြိတိသျှအစိုးရက အကြမ်းဖက်ဝါဒီတွေ ဆိုပြီး တံဆိပ်တပ်ခဲ့ကြတယ်။ အလားတူ လှုပ်ရှားမှုအတွက် ဒီပုဂ္ဂိုလ်တွေကိုပဲ အိန္ဒိယအမျိုးသား တွေဖက်ကကျတော့ မျိုးချစ်ဝါဒီများဆိုပြီး ဩဘာ ပေးမဆုံး ရှိခဲ့ကြတယ်။ ဒီတော့ တူညီတဲ့ ပုဂ္ဂိုလ်တွေကို တူညီတဲ့လုပ်ရပ်တွေ အပေါ်မှာပဲ တံဆိပ်နှစ်မျိုး တပ်ခေါ်ခဲ့ကြတယ်။ တစ်ဖက်က အကြမ်းဖက် ဝါဒီတဲ့၊ တစ်ဖက်ကကျတော့ မျိုးချစ်ဝါဒီတဲ့။ ဗြိတိသျှတို့ အိန္ဒိယကို အုပ်ချုပ်ပိုင်ခွင့်ရှိတယ်ဆိုပြီး ယုံကြည်သူတွေကကျတော့ ဒီလူတွေကို အကြမ်းဖက်ဝါဒီ ဆိုပြီး ခေါ်ကြတယ်။ ဗြိတိသျှတို့ အိန္ဒိယကို အုပ်ချုပ်ပိုင် ခွင့် မရှိဘူးဆိုပြီး ယုံကြည်သူတွေကကျတော့ သူတို့ကို မျိုးချစ်ဝါဒီများ လွတ်လပ်ရေး တိုက်ပွဲဝင်သူများဆိုပြီး ခေါ်ကြတယ်။
ဒါကြောင့် လူတစ်ဦးအပေါ် ဆုံးဖြတ်ချက် မချခင်အရင် သူ့ကို ကြားနာခွင့် ပေးဖို့က အရေးကြီးတယ်။ နှစ်ဖက်စလုံးရဲ့ စောဒကတွေကို ကြားနာစေရမယ်။ အခြေအနေတွေကို အသေအချာ ဆန်းစစ်ပိုင်းခြား ကြည့်ကြရမယ်။ ဒီပုဂ္ဂိုလ်ရဲ့ ဆင်ခြင်တုံတရားနဲ့ ရည်ရွယ်ချက်ကို အလေး ထား ထည့်တွက်ကြရမယ်။ ပြီးတော့မှသာ သူ့အပေါ် စီရင်သင့်ရာကိုစီရင်ဆုံးဖြတ်သွားရမှာဖြစ်တယ်။
၇။       အစ္စလာမ်သည် ငြိမ်းချမ်းရေးကို ဆိုလိုသည်
အစ္စလာမ်က ငြိမ်းချမ်းရေးလို့ အဓိပ္ပါယ်ရတဲ့ ဆလာမ် ဆိုတဲ့ ဝေါဟာရက ဆင်းသက်လာတာပါ။ ငြိမ်းချမ်းရေးဘာသာတရား တစ်ခု ဖြစ်ပြီး ဒီဘာသာဝင်တွေကို ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းသွား ဖို့နဲ့ တိုးမြှင့်သွားဖို့အတွက် သွန်သင်ထားပါတယ်။
          ဒါကြောင့် မွတ်စလင်တိုင်း မွတ်စလင်တိုင်းက အခြေခံဝါဒီတစ် ဦး ဖြစ်သင့်တယ်။ ဆိုလိုတဲ့ သဘောက အစ္စလ်ာဆိုတဲ့ ငြိမ်းချမ်းရေး ဘာသတရားရဲ့ အခြေခံတွေကို သူ့အနေနနဲ့ လိုက်နာသွားသင့်တယ်။ လူ့အဖွဲ့အစည်းအတွင်းမှာ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုတို့ကို တိုးမြှင့် သွားရေးအတွက် လူ့အဖွဲ့အစည်းကို ထိခိုက်အောင် ပြုနေသူတွေနဲ့ ပတ်သက်ရင်သာ သူ့အနေနဲ့ အကြမ်းဖက်ဝါဒီတစ်ဦး ဖြစ်သင့်ပါတယ်။
ဘာသာပြန်ဆိုသူ :: ၀ါးခယ်မမောင်မင်းနိုင် (အစ္စလာမ့် အကယ်ဒမီသိပ္ပံ)

No comments:

Post a Comment