Friday, June 8, 2012

တမန်တော်မြတ်(ဆွ) အားအချစ်ထားခြင်း

  myanmarislam.com
ဒီအပတ်မှာ ကျွန်တော့်အနေနဲ့ တမန်တော်မြတ်(ဆွ)
အားအချစ်ထားခြင်းဆိုတဲ့ ခေါင်းစဉ်ကိုတင်ပြမှာဖြစ်ပါတယ်။  ဘာဖြစ်လို့လဲဆို တော့ လူတွေဟာ အချစ်ကို လွဲမှားစွာ
အသုံးချတတ်လို့ပဲဖြစ်ပါတယ်။ တချို့မွတ်စလင်မ်တွေက တမန်တော်(ဆွ) ကို အချစ်ထားရင်ပြီးရော။
အမှားကျူးလွန်ရင်လည်းရတယ်လို့ လွဲမှားစွာ မှတ်ယူတတ်ကြပါတယ။် တချို့ကျတော့လည်း အလ္လာဟ်နဲ့
တမန်တော်မြတ်(ဆွ) ကို ချစ်နေရင်ပြီးပြီ။ အစ္စလာမ့်ကျင့်စဉ်တွေ လိုက်နာကျင့်သုံးစရာမလိုတော့ဘူးလို့ ထင်ကြပြန်ပါ
တယ်။ တချို့ကျတော့လည်း တမန်တော်မြတ်(ဆွ) ကို ကုရ်အာန်သယ်ဆောင်လာတဲ့ သာမန်လူတစ်ယောက်လောက်ပဲ
သဘောထားကြ ပြန်ပါတယ်။ တချို့ကျတော့လည်း တမန်တော်မြတ်(ဆွ)ကို ချီးမွမ်းလိုက်တာ အလ္လာဟ်ထက်တောင်
သာလွန်သလို ဖြစ်နေပြန်ပါတယ်။
ဒါကြေင့် တမန်တော်မြတ်(ဆွ)ကိုချစ်တယ်ဆိုတာဘာလဲ၊ ကိုယ့်ရဲ့အချစ်ကို ဘယ်လိုသက်သေ ပြရမလဲ။
အသိဥာဏ်နှင့်ယှဉ်သော ယုံကြည်ချက်ထားရှိခြင်း
အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်က လူသားရဲ့နာမ်ခန္ဓာမှာ ကလဗ်လို့ခေါ်တဲ့ စိတ်နှလုံး (Mind and Heart)
ပေးထားပါတယ်။ စိတ် (Mind) ကတော့ ဥာဏ်စင်တို့စုဝေးရာဖြစ်ပြီး နှလုံး(heart) ကတော့ ခံစားမှုတို့စုဝေးရာဖြစ်ပါတယ်။
လူသာမန်တွေအတွက် ဥာဏ်စင် ထဲမှာ ယေဘုယျအားဖြင့် ဆင်ခြင်တုံတရား(Reason)ဟာ အမြင့်ဆုံးဖြစ်ပြီး
ခံစားမှုတွေထဲမှာ တော့ အချစ် (Love)ဟာ အမြင့်ဆုံးဖြစ်ပါတယ်။ အသိဥာဏ်ကိုအသုံးချတဲ့နေရာမှာ အနှိုင်းမဲ့ ကိုးကွယ်ရာကို သိမြင်ခြင်းဟာ အမြင့်ဆုံးဖြစ်ပြီး ခံစားမှုတွေကို အသုံးချတဲ့နေရာမှာလည်း အဲဒီအနှိုင်းမဲ့ကိုးကွယ်ရာကို အချစ်ဆုံးအဖြစ်နှလုံးသွင်းခြင်းဟာအမြင့်ဆုံးဖြစ်ပါတယ်။ဒါကြောင့် အနှိုင်းမဲ့ကိုးကွယ်ရာအသိဖြစ်တဲ့ သောင်ဟီးဒ်တရားကို အသိထားဖို့အခုလိုလမ်းညွှန် ထားပါတယ်။
    "အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်မှအပ အခြားကိုးကွယ်ရာမရှိကြောင်းကိုသိလော့"(ကုရ်အာန် ၄၇း၁၉)
    ဒါကြောင့် ကလီမဟ်လို့ခေါ်တဲ့ သန့်စင်တဲ့သစ္စာစကားကို ဖတ်တယ်ဆိုတဲ့ နေရာမှာ အသိနဲ့ယှဉ်ပြီး
ဖတ်ရမှာဖြစ်ပါတယ်။ ဒီ့အပြင် တမန်တော်မြတ်(ဆွ) ကလည်း အသိပညာရှာ တယ်ဆိုတဲ့နေရာမှာ လက်တွေ့အသုံးဝင်တဲ့၊အကျိုးပြုတဲ့ ပညာရပ်မျိုးကို ရှာလို့အခုလို ဆုဒုအာ ကိုသင်ပေးတားပါတယ်။
အလ္လာဟွမ်းမ အင်း(န်)နီ အအူးဇုဗိက မင့်န်(န်)အိလ်မိလ်လာ ယန်း(န်)ဖအု
"အို-အလ္လာဟ်၊ ကျွန်တော်မျိုးသည် အသုံးမ၀င်၊ အကျိုးမပြုသော အသိပညာမှ ကင်းဝေးစေ၇န် အရှင်မြတ်ထံခိုလှုံပါ၏။" (တမန်တော်မြတ် ဩ၀ါဒ၊မွတ်စလင်မ်ကျမ်း)
အလ္လာဟ်ကိုအချစ်ထားခြင်း
ကုရ်အာန်ကျမ်းမြတ်ကိုဖွင့်လိုက်ရင် ပထမဆုံးအာယသ်လမ်းညွှန်မှာ---
"အရ်ရဟ်မာန်" တည်းဟူသော အနှိုင်းမဲ့ ကရုဏာတော်ရှင် "အရ်ရဟီမ်" တည်းဟူသော အနန္တကောင်းချီး ကရုဏာပေးတော်မူသော အရှင်၊ အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် (အစပြုပါ၏)။ (ကုရ်အာန် ၁း၁)
    ကုရ်အာန်ရဲ့လမ်းညွှန်အာယသ်တိုင်းဟာ အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်ရဲ့ အနှိုင်းမဲ့ကရုဏာတော်
စီမံကိန်းကြီးကို ပြဆိုနေပါတယ်။ အနုမြူမှုန်ကလေးကစပြီး စကြ၀ဠာ လောကခပ်သိမ်းကိုကြည့်ကြည့်၊
သုက်ပိုးကောင်ကလေးကနေ လူ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကိုကြည့်ကြည့်၊ ဥာဏ်မျက်စိနဲ့ကြည့်တတ်ရင်
အလ္လာဟ်ရဲ့ကျေးဇူးတော်ကရုဏာတွေကိုပဲ တွေ့ရပါလိမ့် မယ်။ ဒါကြောင့် လူတိုင်းဟာ ကျေးဇူးတော်ရှင်အလ္လာဟ်ကို
အချစ်ဆုံးဖြစ်ရမယ်။ အဲဒီအချစ်ကို ဘယ်လိုပြရမလဲဆိုတာကို အခုလိုလမ်းညွှန်ထားပါတယ်။
    "အသင်တမန်တော်၊ ပြောလော့။ အကယ်၍ အသင်တို့သည် အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်ကို ချစ်လျှင်ငါ(တမန်တော်)ရဲ့ နောက်လိုက်ကြ။ ထိုအခါအလ္လာဟ်ကလည်း အသင်တို့ကို ချစ်မြတ်နိုးတော်မူအံ့။
အသင်တို့၏အပြစ်များကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူအံ့။ အကြောင်းသော် အလ္လာဟ်သည်များစွာခွင့်လွှတ်တော်မူသောအရှင်၊အနန္တ ကောင်းချီးကရုဏာပေးတော်မူသော
အရှင် ဖြစ်တော်မူပေသည်။"
(ကုရ်အာန် ၃း၃၁)
တမန်တော်မြတ်ကိုအချစ်ထားခြင်း
  ဒီ့အပြင် အလ္လာဟ်အရှင်မြတ်က အမှန်တရားကိုသက်ဝင်ယုံကြည်သူ မုအ်မင်န်မှန်ရင်
 (၁)အလ္လာဟ် (၂)တမန်တော်မြတ်(ဆွ)နဲ့ (၃)ဂျိဟာဒ်=အမှန်တရားအတွက် သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခြင်းတို့ကို
အချစ်ဆုံးဖြစ်ရမယ်လို့လမ်းညွှန်ပြထားပါတယ်။ (ကုရ်အာန် ၉း၂၄)
ဒါကြောင့်တမန်တော်မြတ်(ဆွ)ကလည်း အခုလို သွန်သင်ထားပါတယ်။
"အသင်တို့အနက် မိမိရဲ့သားသမီး၊ မိမိရဲ့မိဘနဲ့
လူသားထုတစ်ရပ်လုံးထက်ပို၍ ငါ တမန်တော်ကို မချစ်သမျှအမှန်တရားကိုသက်ဝင်ယုံကြည်သူ(မုအ်မင်န်)မမည်ချေ(ဗုခါရီကျမ်း၊မွတ်စလင်မ်ကျမ်း)
"ငါတမန်တော်သည်
င့်မြတ်သောကိုယ်ကျင့်တရားများကိုပြီးပြည့်စုံစေရန်အတွက်သာလျှင်
စေလွှတ်ခြင်းခံခဲ့ရ၏။"
 
(ဟာကင်မ်ကျမ်း)
ဒီ့အပြင် အလ္လာဟ်အရှင်မြတ်က_
"မုချဧကန် အလ္လာဟ်၏ စေတမန်ထံ၌ အသင်တို့အတွက် ကောင်းမြတ်လှပသော စံနမူ နာသည်ရှိ၏"
(ကုရ်အာန် ၃၃း၂၁)
  ဒါကြောင့် အလ္လာဟ်နဲ့ တမန်တော်မြတ်(ဆွ)ကို အချစ်ထားတယ်ဆိုတာဟာ _
အလ္လာဟ်ရဲ့ လမ်းညွှန်ကုရ်အာန်နဲ့ အဲဒီကုရ်အာန်ရဲ့လမ်းညွှန်ကို လက်တွေ့ပုံဖေါ် ပြတဲ့ တမန်တော်မြတ်(ဆွ)ရဲ့
စံနမူတွေကို နားလည်ကျင့်သုံးခြင်း
မိမိတို့ရဲ့ဘ၀ရေးရာပြဿနာတွေကိုလည်း ကုရ်အာန်ကျမ်းစာနဲ့ မန်တော်မြတ်(ဆွ) ရဲ့ စံနှုန်းတွေအတိုင်း
စီရင်ဆုံးဖြတ်ဖြေရှင်းခြင်း
အမှန်တရားပေါ်လွင်လွှမ်းမိုးရေးအတွက် အစွမ်းကုန်ကြိုးပမ်းခြင်း(ဂျိဟာဒ်)တို့နဲ့
လက်တွေ့ပုံဖေါ်ပြသခြင်းဖြစ်တယ်ဆိုတာ ပေါ်လွင်ထင်ရှားနေပါတယ်။ ဒီ့အပြင် ဒီလို ပုံဖေါ်တဲ့နေရာမှာ့
မိမိတို့ရဲ့ ခေါင်းဆောင်အကြီးအကဲ ဆရာသမားတွေကို အလ္လာဟ်နဲ့ တမန်တော်မြတ် (ဆွ) ထက်ပိုပြီး
အချစ်ထားခြင်းမပြုဖို့
ဘ၀ရေးရာတွေဆုံးဖြတ်တဲ့နေရာမှာကုရ်အာန်ကျမ်းမြတ်ရဲ့လမ်းညွှန်နဲ့ တမန်တော် မြတ်(ဆွ)စံနှုန်းတွေရဲ့ ရှေ့ကိုမကျူးမိဖို့ အခုလိုသတိပေးထားပါသေးတယ်။
"လူသားတို့အနက်အချို့သည်(မိမိတို့၏)ဦးစီးခေါင်းဆောင်များကိုအနှိုင်းမဲ့ကိုးကွယ်ရာ
မြတ်အလ္လာဟ်နှင့်ယှဉ်၍ကိုးကွယ်ဆည်းကပ်ကြ၏။၎င်းတို့သည်အလ္လာဟ်အားချစ်မြတ်နိုးဘိသကဲ့သို့ မိမိတို့၏ဦးစီးခေါင်းဆောင်များကိုလည်းချစ်မြတ်နိုးကြ၏။သို့သော်အမှန်တရားကိုသက်ဝင်ယုံကြည်
သူ(မုအ်မင်န်)တိုပကမူအလ္လာဟ့်ကိုသာအလွန်ထက်သန်သောအချစ်ထားကြ၏။အမှားကျူးလွန်သူတို့
သည် ပြစ်ဒဏ်ကိုတွေ့မြင်ခဲ့ကြပါလျှင်အလုံးစုံသောစွမ်းဆောင်နှိုင်မှုတို့သည်အလ္လာဟ်၌သာ
ရှိကြောင်း၊အလ္လာဟ်သည်ပြစ်ဒဏ်များကိုတိကျမှန်ကန်စွာစီရင်တော်မူသောအရှင်ဖြစ်
ကြောင်း (သိကြလိမ့်မည်)၊ ယင်းကို ကြိုတင်သိမြင်ထားလျင် ကောင်းလေစွ"
(ကုရ်အာန် ၂း၁၆၅)
"အိုအမှန်တရားကိုသက်ဝင်ယုံကြည်သူအပေါင်းတို့၊အသင်တို့သည်အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်
ရှေ့၌လည်းကောင်း၊ထိုအရှင်မြတ်၏ စေတမန်(ရှေ့၌လည်းကောင်း) ရှေ့သို့မကျော်တက်ကြလေနှင့်။ မုချဧကန်အလ္လာဟ်သည်အကြွင်းမဲ့ကြားတော်မူသောအရှင်၊အကြွင်းမဲ့သိတော်မူသောအရှင်ဖြစ်တော်မူ၏။ "
(ကုရ်အာန် ၄၉း၁)

နိမ့်ကျသောဆန္ဒနဲ့ အစွဲကိုရှောင်
ဒါကြောင့် အလ္လာဟ်နဲ့ တမန်တော်မြတ်(ဆွ)ကို အမှန်တကယ်ချစ်တယ်ဆိုရင် မိမိတို့ရဲ့ နိမ့်ကျတဲ့ဆန္ဒ(ဟ၀ါ)နဲ့စွဲလမ်းတပ်မက်မှု(ရှဟ်ဝသ်)တွေကို ရှောင်ပြီး ကုရ်အာန်နဲ့ စွန်နဟ် ကို အခြေပြုတဲ့ အသိပညာကို ရှာဖွေတတ်ဖို့၊နားထောင်တတ်ဖို့၊ ကျင့်သုံးတတ်ဖို့လိုပါ တယ်။အစ္စလာမ်ဆိုတဲ့ခေါင်းစဉ်တပ်ပြီး ကုရ်အာန်နဲ့ စွန်နဟ်နဲ့ မှတ်ကျောက်အတင်မခံနိုင်တဲ့ အသိပညာမျိုးကိုရှောင်ရှားတတ်ဖို့လည်း အရေးကြီးပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါ ပုဂ္ဂိုလ်စွဲ၊ ဆရာစွဲမထားဘဲ ဘယ်သူကကုရ်အာန်နဲ့စွန်နဟ်အတိုင်း အမှန်တကယ်ပြောနေ လဲဆိုတာ ခွဲခြားတတ်ဖို့ အရေးကြီးပါတယ်။အဲဒီလိုမှမဟုတ်ရင်အလ္လာဟ်နဲ့တမန်တော် မြတ်ရှေ့ကို ကျော်ရာရောက်သွားမှာဖြစ်ပါတယ်။တမန်တော်မြတ်(ဆွ)ဟာ ဒီနေ့ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး၊ သြဇာအသက်ရောက် ဆုံးဖြစ်ရတာဟာ ကုရ်အာန်နဲ့အသိပညာအတိုင်း ပုံဖေါ်ဆောင်ရွက်ခြင်းနဲ့ မိမိရဲ့ဆန္ဒနဲ့ ခံစားချက်တွေကို ကုရ်အာန်ကျမ်းစာနဲ့အညီ စီမံခန့်ခွဲနိုင်ခြင်း၊အခြားသူတွေရဲ့ ခံစားချက် တွေကို နားလည်ပေးပြီး စနစ်တကျပြုပြင်ပေးတတ်လို့ပဲဖြစ်ပါတယ်။ အစ္စလာမ့်တရားတွေဟောကြားရေးသားတဲ့နေရာမှာ မွတ်စလင်မ်အချင်းချင်းဖြစ်စေ၊ လူသားတွေကိုဖြစ်စေ မုန်းတီးရေးတရားတွေဟောပြီးအုပ်စုခွဲနေသူဟာတမန်တော်မြတ်(ဆွ)ရဲ့ စစ်မှန်တဲ့ နောက်လိုက်မဟုတ်ပါဘူး။လူတွေရဲ့ခံစားချက်တွေကိုနားလည်ပေးပြီး လူတိုင်းရဲ့အခွင့် အရေးကို ကုရ်အာန်ရဲ့ မှတ်ကျောက်တွေနဲ့အညီဖြေရှင်းပေးသူသာ တမန်တော်မြတ်(ဆွ) ကိုတကယ်ချစ်သူတွေ ဖြစ်ပါတယ်။ အလ္လာဟ်ကို ပိုချစ်နိုင်ရန်အလ္လာဟ်၏ဂုဏ်တော်နှင့် အနှိုင်းမဲ့ကရုဏာတော်များကို လေ့လာပါ။ တမန်တော်မြတ်(ဆွ)ကို ပိုချစ်နိုင်ရန် တမန်တော်မြတ်(ဆွ)၏ကရုဏာနှင့် အကျိုးပြုမှုများကို လေ့လာပါ။"မုချဧကန် ငါတမန်တော်သည် အသင်တို့ထံ(အကြင်တရားကို)ထားခဲ့အံ့၊ ယင်းကို အသင်တို့စွဲကိုင်ထားသော်မည်သည့်အခါမျှ လမ်းမှားမည်မဟုတ်၊ ယင်းမှာ အလ္လာဟ်၏ လမ်းညွှန်ကုရ်အာန်နှင့် ထိုအရှင်၏စေတမန်၏စွန်နဟ်ဓလေ့တော်ပင်တည်း" (တမန်တော်မြတ်သြ၀ါဒ၊ ဟာကင်မ်ကျမ်း)


မုဖ်သီ ဦးမြင့်သိန်း (ငြိမ်းချမ်းလုလင်)

No comments:

Post a Comment