Showing posts with label တမန်တော်မြတ်(ဆွ). Show all posts
Showing posts with label တမန်တော်မြတ်(ဆွ). Show all posts
Thursday, June 21, 2012
အစ္စလာမ် တမန်တော်
ကျေးဇူးတော်အစုံ ဂုဏ်တော်အနန္တနှင့်ပြည့်စုံ၍ မပြတ်မစဲ သနားကြင်နာတော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် အစပြုပါ၏။
နိဒါန်း အို - ငါအရှင်၏အချစ်တော် တမန်တော်မြတ်၊ ငါအရှင်သည် မောင်မင်းအား အကြောင်းမဲ့ စေလွှတ်တော်မူသည် မဟုတ်။ စေလွှတ်တော်မူခြင်းအလိုကား (အားလမီးန်) စကြ၀ဠာတစ်ခုလုံး ရဟမသ် ဂရုဏာတော်များ ရရှိစေရန်တည်း။” (ကျမ်းမြတ်ကုရ်အာန် ၂၁း၁၀၇) ကျမ်းမြတ်ကုရ်အာန် တစ်စောင်လုံးတွင်ရဟမသ်ဟူသောစကားသည် အလ္လာဟ်အရှင်မြတ်က မိမိ၏ ဂုဏ်တော်ကို ဖွင့်ဆိုရာ၌လည်းကောင်း၊ တမန်တော်မြတ်၏ဂုဏ်ပုဒ်ကို ဖွင့်ဆိုရာ၌လည်းကောင်း သုံးစွဲထားတော် မူပါသည်။ နဗီတမန်တော်အပေါင်း တစ်သိန်းနှစ်သောင်းလေးထောင်ကျော် ပွင့်တော်မူခဲ့ရာတွင် အဘယ်နဗီတမန်တော်မျှ ရဟမသ်ဟူသောစကားနှင့် ဆက်စပ်ခြင်း၊ အမွှမ်းတင်ခြင်း ပြုတော်မူသည်ကို မတွေ့ရပါ။ ရဟမသ်ဟူသောစကားသည် မေတ္တာနှင့် ကရုဏာကို အနက်ပေးပါသည်။ ကျမ်းမြတ်ကုရ်အာန်တွင် ခပ်သိမ်းကမ္ဘာအား ကရုဏာတရားနှင့် မေတ္တာတရားသက်ရောက်စေခြင်းအဖြစ်နှင့် ပွင့်ပေါ်ထွန်းစေသည်ဟု ဖွင့်ဆိုထားခြင်းဖြစ်ပါသည်။ ဤဒေသနာတော် ထောက်ရှုထောအခါ ကျွန်ုပ်တို့၏ နဗီတမန်တော်သည် ကမ္ဘာခပ်သိမ်းအဘို့ လူ့ဘ၀လမ်းညွှန်အဖြစ်နှင့် သစ္စာတရားများကို ယူဆောင်လာခဲ့သော လူသားထုတစ်ရပ်လုံး၏ လူ့ဘ၀လမ်းညွှန် ကမ္ဘာ့ကရုဏာတော်ရှင် ချစ်ကြည်မြတ်နိုးဖွယ်ရာ တမန်တော်ဖြစ်သည်ကို ထင်းလင်းစွာ တွေ့မြင်ကြပါသည်။ 
ကျွန်ုပ်တို့၏ တမန်တော်မြတ် မုဟမ္မဒ်(ဆွ)ကို ခရစ်သက္ကရာဇ် ၅၇၁-ခု၊ ဧပြီလ (၂၂)ရက် တနင်္လာနေ့ [၅၇၀-ခု သြဂုတ်လ (၂၀)ရက် ဟုလည်း တွေ့ရပါသည်။] (ဆင်ခုနှစ် ပထမနှစ် ရဗီအွလ်အောင်ဝလ်လ)တွင် မက္ကာမြို့၌ ဖခင် အဗ္ဗဒွလ္လာဟ်သခင်နှင့် မိခင် အာမီနာသခင်မတို့မှ မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့ပါသည်။ တမန်တော်မြတ်(ဆွ) မဖွားမြင်မီ ()လအလိုတွင် ဖခင်ဖြစ်သူ ကွယ်လွန်ခဲ့ကာ၊ သက်တော်()နှစ်အရွယ်တွင် မိခင်ကြီးလည်း ကွယ်လွန်ခဲ့ရှာသည်။ သက်တော် ()နှစ်အရွယ်တွင် တမန်တော်မြတ်(ဆွ)၏ အားကိုးအားထားရသော ဘိုးတော် ကွယ်လွန်ခဲ့ပြန်သည်။ ထို့ကြောင့် တမန်တော်မြတ်(ဆွ)သည် ငယ်စဉ်ကပင် မိဘမဲ့ဖြစ်ခဲ့ရပြီး ဘကြီးတော် အဘူတွာလစ်ဗ်၏ ထိန်းသိမ်းစောင့်ရှောက်ခြင်းကို ခံယူခဲ့ရရှာသည်။
တမန်တော်မြတ်၏ လူငယ်ဘဝ
တမန်တော်မြတ်(ဆွ)သည် ငယ်စဉ်ဘဝမျာပင် ရိုးသား၏။ မိမိလုပ်အားဖြင့် မိမိဘဝရပ်တည်နိုင်မှုကို အသက် မွေးဝမ်းကြောင်းပြုရ၏။ မှန်ကန်မှုကိုနှစ်သက်၏။ ကတိသစ္စာတည်ကြည်၏။ မွေးချင်းရွယ်တူမိတ်ဆွေများအား ချစ်ကြည်၏။ ခင်မင်၏။ မိမိချွေးဖြင့် ရင်းနှီးစားသောက်ခြင်းကိုသာ နှစ်သက်၏။ အမှန်တရားကို ရှာဖွေ၏။ လေ့လာ၏။ ဖြောင့်မတ်မှုကို ကျင့်သုံး၏။ ထို့ကြောင့်ပင် တမန်တော်ကို အာရဗ်အမျိုးသားများက 'အလ်လ်အမင်း' ဖြောင့်မတ် တည်ကြည်သူ၊ မှန်ကန်သူ၊ 'ဆွဒစ်က်'သစ္စာရှင်ဟု ခေါ် ကြသည်။ တမန်တော်မြတ်(ဆွ)သခင်သည် သက်တော်(၂၅)နှစ်အရွယ် တွင် ဘီဘီခတီဂျာ သခင်မ (ပထမဆုံး မွတ်စလင်မ်အမျိုးသမီး)နှင့် ထိမ်းမြားမင်္ဂလာပြု၍ (၂၅)နှစ်တိုင်တိုင် ချစ်ခင် နှစ်သက်စွာဖြင့် ပေါင်းသင်း နေထိုင်ခဲ့သည်။
တိုင်းပြည်ရပ်ရွာအကျိုး သယ်ပိုးဆောင်ရွက်ခြင်း 
တမန်တော်မြတ်(ဆွ)သည် တိုင်းပြည် လူမျိုးနှင့် ရပ်ရွာကျောင်းကန်များ၏အကျိုးကို နဗီတမန်တော်မဖြစ်မီ ကပင် ဦးဆောင်၍သယ်ပိုးဆောင်ရွက်ခဲ့သည်။ ကအ်ဗာကျောင်းတော် အဆောက်အဦး၏ ပျက်စီးယိုယွင်းမှုများကို အသစ် ပြန်လည်တည်ဆောက်ပေးခဲ့သည်။ တိုင်းပြည်ရပ်ရွာကောင်းစားရေး၊ စည်ပင်သာယာရေး၊ လူထု သက်သာချောင်ချိရေး၊ ငြိမ်းချမ်းသာယာရေး၊ ရသင့်ရထိုက်သော လူ့အခွင့်အရေးများ ရရှိစေရေး၊ ကြီးနိုင်ငယ်ညှင်းစနစ်ကို တိုက်ဖျက်ေး၊ ခရီးသည် ဒုက္ခသည်များ ကယ်တင်မြှင့်တင်ရေး စသည်တို့ကို မြို့ပေါ်ရှိ လူကြီးများနှင့် စုပေါင်းဆောင်ရွက်ခဲ့သည်။
မှောင်မိုက်နေသော ခေတ်ကမ္ဘာ
ထိုအချိန်က အာရေဗျကျွန်းဆွယ်တစ်ခုကြီးတစ်ခုလုံးသည် အမိုက်မှောင်များဖုံးလွှမ်း၍ နိမ့်ကျဆိုးသွမ်းလှပေသည်။ ကြီးနိုင်ငယ်ညှင်းစံနစ်၊ ကျေးကျွန်စံနစ် ထွန်းကားပြီး လူကိုလူလိုမမြင်။ အမျိုးသမီးများကို လုံးဝတန်ဖိုး မထား၊ မမျှတသော အနိုင်ကျင့်မှုများဖြင့် အမျိုးသမီးများပေါ် ပြုကျင့်ဆက်ဆံကြသည်။ ယုံကြည်ကိုးကွယ်မှု၌လည်း အကျင့်စာရိတ္တ ပျက်စီးနေသော ထိုခေတ်၊ ထိုဒေသသည် သဘာဝမကျသော ယုံကြည်ကိုးကွယ်မှုများဖြင့်သာပြွန်းတီး နေပေတော့သည်။ ယင်းယုံကြည်ကိုးကွယ်မှုများသည် လူသားတို့၏ လူမှုရေး၊ စီးပွားရေး၊ ငြိမ်းချမ်းသာယာရေး၊ တရား မျှတရေးတို့ကို မည်သို့မျှ အကျိုးပြုနိုင်ခြင်းမရှိတော့ပဲ အထက်ပါဆိုးဝါးမှုများသာ ပိုမိုကြီးထွားအားပေးနေပေတော့သည်။ 
နဗီတမန်တော်မြတ်ဖြစ်ခြင်း 
ယင်းသို့ ခေတ်စံနစ်နှင့် ယုံကြည်မှုတို့သည် ကြီးစွာမှားယွင်းတိမ်းချော်နေသည်ကို သိမြင်နားလည်သော ကျွန်ုပ်တို့၏ခေါင်းဆောင်ကြီး မဟာတမန်တော်မြတ် မုဟမ္မဒ်(ဆွ)သည် အမိုက်မှောင်ကမ္ဘာကို တော်လှန်ပြောင်းလဲပစ်ရန် ကြိုးပမ်းအားထုတ်ခြင်းပြုလာပေ၏။ ခေတ်ဆိုး၊ စံနစ်ဆိုးနှင့် လူဆိုးကြီးများကို ဖယ်ရှား၍ ခေတ်သစ်၊ စံနစ်သစ်၊ ယုံကြည်မှုအသစ်၊ လူသစ်များကို ဖန်တီးရန် ကြံစည်အားထုတ်လာခဲ့ပေသည်။ တမန်တော်မြတ်(ဆွ) သက်တော်(၄၀)အရွယ်တွင် အောက်လ္လာဟို့အရှင်မြတ်သည် တမန်တော်မြတ်အား လူသားတို့၏ နောက်ဆုံးတမန်တော်ဘွဲ့ကိုအပ်နှင်း၍ အလ္လာဟ်အရှင်မြတ်၏ ဝဟီများ(ဗျာဒိတ်များ)ကို တဆင့် ဖြန့်ဝေစေတော်မူခဲ့လေသည်။ တစ်နေ့သောအခါ တမန်တော်မြတ်သည် ဟီရာလိုဏ်ဂူတွင် တရားအားထုတ်နေစဉ် ကောင်းကင်တမန် ဂျီဗရာအီလ်ရောက်ရှိလာပြီး အလ္လာဟ်အရှင်မြတ်ထံတော်မှ အောက်ပါမုက္ခပါဋ္ဌ်တော်ကို ရွတ်ဖတ်သရဇ္ဈာယ်တော် မူပါမည့်အကြောင်း လျှောက်ထားပန်ကြားလေတော့သည်။ 'မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၏ နာမတော်ဖြင့် အသင်ဖတ်ပါလေ။ ထိုအရှင်မြတ်သည် (ကမ္ဘာအဝှမ်းကို)ဖန်ဆင်းတော်မူ၏။ ထိုအရှင်မြတ်သည် လူသားအား သွေးခဲတစ်ခုဖြင့် ဖန်ဆင်းတော်မူ၏။ အသင်ဖတ်ပါလေ။ အသင့်အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်သည် အလွန်နူးညံ့သိမ်မွေ့တော်မူ၏။ ထိုအရှင်မြတ်သည် ကလောင်ဖြင့် သင်ကြားပေးတော်မူ၏။ ထိုအရှင်မြတ်သည် လူသားအား ထိုလူသား မပြုသော အရာများကို သင်ကြားပေးတော်မူ၏။' (ကုရ်အာန် ၉၆း၁-) အထက်ပါ ဒေသနာတော်သည် အလ္လာဟ်အရှင်မြတ်ထံမှ တမန်တော်မြတ်ထံသို့ ဦးစွာပထမ ကျရောက်လာ ခဲ့သော မုက္ခပါဋ္ဌ်တော်ဖြစ်၏။ 
တမန်တော်မြတ်(ဆွ)၏ စံပြဘဝ 
တမန်တော်မြတ်(ဆွ)သည် ကွယ်လွန်ချိန်ထိတိုင် စံပြဘဝဖြင့် လက်တွေ့နေထိုင်သွားခဲ့သည်။ စည်းစိမ်မခံ၊ အခွင့်ထူးမခံ၊ ကုရ်အာန်ကိုလက်ခံခြင်း၊ ပို့ချခြင်း၊ နှုတ်တိုက်ချပေးခြင်းဖြင့်လည်းကောင်း၊ ဆင်းရဲသားများနှင့် ခရီးသွားများကို လှူဒါန်းခြင်းဖြင့်လည်းကောင်း၊ မမာမကျန်းဖြစ်နေသူများနှင့် ချိနဲ့သူများထံ သွားရောက်ခြင်းဖြင့်လည်းကောင်း၊ မွတ်စလင်ဟုတ်သူကိုဖြစ်စေ၊ မဟုတ်သူကိုဖြစ်စေ ကောင်းကျိုးဆောင်ပေးခြင်းဖြင့်လည်းကောင်း၊ မိမိ၏အုပ်စုဝင်များ ကို နှုတ်အားဖြင့် ဆဲဆိုတိုက်ခိုက်လာခြင်းကိုလည်းကောင်း၊ ဓားလှံလေးမြားအားဖြင့်လည်းကောင်း အစဉ်တဆက် ရန်ပြုလာချက်ဘဝ၀ကိုလည်းကောင်း အကာအကွယ်ပေးခဲ့သည်။ ရှေးယခင်က လုံးဝမရှိခဲ့သည့် ဘာသာရေးကို ထိပ်တန်းထား အုပ်ချုပ်သည့်စနစ်ကို အောင်မြင်စွာ အခိုင်အမာ စီမံတည်ဆောက်ပေးခဲ့သည်။ မည်သည့်လူသားတစ်ဦးအနေနှင့်မျှ ဤသို့ မစွမ်းနိုင်ရာ။ သို့သော် တမန်တော်မြတ်(ဆွ)၏ အင်ပါယာကြီးကမူ သန်းပေါင်း ရာပေါင်းများစွာသော လူသားတို့၏ နှလုံးသားများအပေါ် ဩဇာဝင့်ဆဲ စိုးမိုးလျက်ပင်။ ကုရ်အာန်၏ ဥပဒေများကလည်း တမန်တော်မြတ် ကွယ်လွန်ပြီးနောက်ပိုင်း နှစ်ပေါင်း (၁၄၀ဝ)ကြာသည့် ယနေ့ကာလ အထိတိုင်ပင် အစွမ်းအထက်ဆုံး အကြောင်းခများအဖြစ် တည်ရှိနေပေသည်။
ဗဒရ်စစ်ပွဲ၌ တမန်တော်မြတ်က မွတ်စလင်မ်တို့အပေါ် ပြသခဲ့သော မေတ္တာ
တမန်တော်မြတ်(ဆွ)က စစ်တလင်းတွင် မိမိ၏နောက်လိုက်များကို ခင်းကျင်းနေရာယူ စီစဉ်ပေးတော် မူသည်။ အင်အားက နည်းလွန်းရုံမက လက်နက်အင်အားကလည်း အင်မတန်မှပင် ချို့တဲ့လွန်းနေခြင်းကိုမြင်ပြီး တမန်တ်ာမြတ်ခမျာ စိတ်နှလုံးပူပန်နွမ်းလျမဆုံးဖြစ်နေမိရှာသည်။ တမန်တော်မြတ်သည် ကအ်ဗာဘက်လှည့်ပြီး အလ္လာဟ်အရှင်၏ရှေ့တော်ဝယ် ဦးချလျက်ရှိနေရှာသည်။ မိမိနောက်လိုက်များ၏အပြစ်များကို ခွင့်လွှတ်ချမ်းသာပေးတော်မူလှည့်ပါ။ မိမိအတွက် အရှင်၏ကတိတော်ကို အမှန်ပင်ပြည့်ဝစေတော်မူလှည့်ပါ။ မိမိအား ကူညီထောက်ပံ့တော်မူ လှည့်ပါဟု ဆုပန်မဆုံး ရှိနေခဲ့သည်။ မိမိတစ်ဦးတည်းသာလျှင် တတ်စွမ်း နိုင်သည့် ကျိုးနွံမှုမျိုးဖြင့် ကျိုးနွံလျက် မြေတွင် ဦးချပြီး ငိုကြွေးမပျက်ရှိနေတော်မူရှာသည်။ 'အရည်အတွက် အရရော အင်အားအရရော လုံးဝ အားရစရာမရှိလေပြီ။ အရှင်၏ အကူအညီတော်သာ လျှင် ကယ်တင်အားထားရာ ရှိပေတော့သည်'ဟု မြည်တမ်းလျက်ရှိရှာသည်။ မြတ်တမန်ကား တဒင်္ဂတာမျှ မှေးကနဲဖြစ်သွားခိုက်မှာပင် မိမိ၏ ဆုတောင်းပြည့်မည့်အကြောင်း အလ္လာဟ်အရှင်ဘက်က အဖြေကို ရရှိခဲ့ရှာသည်။ တမန်တော်မြတ်သည် ဝတ်ပြုရာက ထတော်မူခဲ့ပြီး ရင်ဝယ်ပီတိအဟုန်က သိမ့်သိမ့်တုန်လျက် မိမိ၏ အမျိုးသားထုထံ ကြွလှမ်းလာပြီး တိုက်ပွဲဝင်ရေးအတွက် အားပေးစကားဆို ဆိုခဲ့ရှာသည်။ လူထုကြီးကား စိတ်ဓါတ် အဟုန် အမြင့်ဆုံးထိတိုင်တက်ြွကသွားခဲ့ကြပြီး မိမိတို့မျက်စိရှေ့ဝယ် ဂျန္နသ်သုခဘုံကို မြင်ယောင်လျက် ရှိနေကြသည်။ တမန်တော်မြတ်က တိုက်ပွဲဝင်လော့ဟု နှိုးဆော်ခဲ့လေပြီ ယုံကြည်သူတို့ကား တစ်သားတည်း ဖြစ်သွားကြပြီး သူတို့ကား အသက်ရှင်နေရစ်ရန် တိုက်ပွဲဝင်ခြင်းမဟုတ်၊ အသေခံရန် တိုက်ပွဲဝင်ကြခြင်းဖြစ်သည်ဟု ယုံကြည်ခဲ့ကြလေသည်။ မွတ်စလင်မ်တို့က မဒီနာမြို့သို့ သုံ့ပန်းများထက် တစ်ရက်အလျှင်စောပြီး ရောက်လာခဲ့ကြသည်။ နောက်နေ့တွင် အကျဉ်းသားများ ရောက်လာခဲ့ကြရာ၌ ကြင်ယာတော် စောင်ဒဟ်သခင်မမှာ အဗူ ယဇီဒ်ဆုဟိုင်လ်ကိုမြင်ခဲ့ရသည်။ သူမက သူ့ကိုမြင်သည်တွင် 'အို - အဗူယဇီဒ် အရှုံးပေးအညံ့ခံလိုက်ပြီလား၊ လက်ပေးအောက်ချခံလိုက်ပြီလား။ ဒီလိုအညံ့ခံတာထက်စာရင် သေရတာက ပိုမြတ်သေးတယ်'ဟု ပြောချလိုက်သည်။ ဤသို့ သရော်ပြောလိုက်ခြင်းသည် သုံ့ပန်းကို လက်နောက်ပြန်ကြိုးတုတ်ထားခြင်းကို မမြင်မိဘဲ ပြေါဆိုလိုက်ခြင်းဖြစ်သည်။ မိမိကြင်ရာတော်၏ နှုတ်မှ ဤသို့ပြောဆိုသံကို အိမ်တော်တွင်ရှိနေသည့် တမန်တော်မြတ်က ကြားသိသွားခဲ့သည်တွင် 'အို - နှမတော် စောင်ဒဟ်၊ ရှင်မက သူ့အား အလ္လာဟ်အရှင်၏ တမန်တော်ကြီးကို ဆန့်ကျင်ဖို့ မြှောက်ထိုးပင့်ကော်လုပ်နေခြင်းလား' ဟုမေးလာသည်။ ကြင်ယာတော်က 'အို - အလ္လာဟ်၏တမန်တော် အသင့်အား သစ္စာတရားနှင့်အတူ စေတော်မူသော အရှင့်ကို တိုင်တည်ပါ၏။ သူတို့ကို ဤအခြေအနေမျိုးနှင့်တွေ့ရသည်တွင် ကျွန်မစိတ်က မပြောဘဲမနေနိုင်၍ ဖြစ်ရပါသည်'ဟု ပြန်လည် လျှောက်ထားတော်မူခဲ့သည်။ ဤဖြစ်ရပ်က ထိုစဉ်ကရှိနေသည့် လွတ်လပ်စွာပြောဆိုခွင့်ရှိပုံကို ထင်ဟပ်ခြင်းဖြစ်ပါသည်။ စောင်ဒဟ် သခင်မမှာ အကျဉ်းသားများအပေါ် သနားကရုဏာမရှိ၍ကားမဟုတ်ချေ။ တမန်တော်မြတ် ကိုယ်တော်တိုင်လည်း သုံ့ပန်းများအပေါ် စာနာမှုထားရှိသည်။ မက္ကာသားတို့ဘက်ကလာပြီး မရွေးမချင်း သို့တည်းမဟုတ် အလ္လာဟ်အရှင်မြတ်ဘက် သူတို့နှင့်ပတ်သက်ပြီး အမိန့်တစ်စုံတစ်ရာ မကျရောက်မချင်း မွတ်စလင်မ်တို့အနေနှင့် ဤသုံ့ပန်းများကို လုံးဝသိမ်မွေ့ နူးညံ့စွာ သဘောထားကြီးစွာဖြင့် ဆက်ဆံခြင်းပြုကြဟု မိန့်ဆိုအပ်နှံတော် မူခဲ့သည်။ 
တမန်တော်မြတ်(ဆွ)က ရန်သူများအား ခွင့်လွှတ်ချမ်းသာပေးတော်မူခြင်း 
တမန်တော်မြတ်(ဆွ)က မိမိအား အမျိုးမျိုးစော်ကား နှောက်ယှက်ကြ၊ ခဲနှင့်ပေါက်ကြ၊ သေကြောင်းကြံကြ၊ စစ်ပွဲအလီလီ ဆင်နွှဲခဲ့ကြသည့် ရန်သူတို့အလယ်တွင် အောင်နိုင်သူအဖြစ်နှင့် ရှိနေသည်။ သူတို့အား ရှင်စေသေစေဟု အာဏာကုန် အမိန့်ပေးနိုင်ချေလည်းရှိနေသည်။ သို့သော်လည်း ရန်သူကို လုံးဝ လက်တုန့်မပြန်။ အာဏာလည်း မဖက်ခဲ့။ ပြစ်ဒဏ်လည်းမစွက်ခဲ့။ 'လွတ်ငြိမ်းချမ်းသာရာ ရသူများအဖြစ်နှင့် သွားကြ'ဟူသော စကားတစ်ခွန်းတည်းနှင့် မေတ္တာထား တုန့်ပြန်ပြခဲ့သည်။ တမန်တော်မြတ်သည် လူသားအားလုံးကို ချစ်ကြည်စုံမက်တော်မူခြင်းကြောင့် မည်သူ့အပေါ် တွင်မျှ အမုန်းမပွားခဲ့။ သို့သော် လူတို့အနေနှင့် ထိန်းကွပ်နိုင်ခြင်းမရှိသော အရာအချို့ကမူ အမှန်ပင်ရှိနေသည်။ တမန်တ်ာမြတ် (ဆွ)အပေါ် အပြစ်ရှာသည်ကား တကယ်တော့ မိမိကိုယ်ကိုသာလျှင် မတော်မတရားပြုရာရောက်စေမည် ဖြစ်ပါသည်။
တမန်တော်မြတ်(ဆွ)၏ ရက်ရောလှပုံ
ငါးပုံတစ်ပုံသော သုံ့လက်ရပစ္စည်းများမှာ တမန်တော်မြတ် စိတ်ကြိုက်ပြုပိုင်ခွင့်ရှိသည်။ သူ့အတွက်ဟူ၍ ချန်ထားခဲ့သည့် ရသမျှဝေစုထဲက အများဆုံးကို မိမိအား တစ်ချိန်က အသက်ကို လုပ်ကြံရန်အထိ အကြံပက်စက်ခဲ့ဖူးသည့် ရန်သူကြီးများ၏ မေတ္တာကို ရအံ့စိမ့်သောငှာ အကုန်ပုံအောပြီး ပေးတော်မူခဲ့သည်။ တမန်တော်မြတ်အနေနှင့် တစ်ချိန်က မက္ကာသား ရန်သူကြီးများအား သူတို့လိုလားနေကြသည့်အတိုင်း မိမိဘက်က သူတို့ဘက်ကို ချီးမြှင့်နိုင် သမျှကို ခွဲဝေပေးတော်မူခဲ့သည်။
မက္ကာမြို့တော်သည် ထာဝရဘေးမဲ့မြို့တော်ဟု တမန်တော်မြတ်(ဆွ)က ကြေညာတော်မူခြင်း
တမန်တော်မြတ်(ဆွ)သည် တစ်ရက်တာ မက္ကာမြို့တော်တွင် နေထိုင်စဉ်အတွင်းဝယ် လုပ်ဆောင်မှုများ ပြီးစီးသွားခဲ့သည်။ နံနက်မိုးလင်းချိန်တွင် ကအ်ဗာ၏ကျောင်းတော်ဝန်းကျင်၌ ခူဇာတို့က ဟုဒိုလ်မျိုးနွယ်မှ ရုပ်ထုကိုးကွယ်သူ တစ်ဦးအား သတ်ဖြတ်ခဲ့ကြောင်းကို တမန်တော်မြတ်မှာ သတင်းကြားခဲ့သည်။ ဤတွင်အမြတ်တော်ရှတော်မူသဖြင့် လူထုကြီးအား မိန့်ခွန်းမြွက်ကြားခဲ့သည်။ တမန်တော်မြတ်က အသက်ဖိုး လျာ်ကြေးကို ပေးခဲ့သည်။ အသတ်ခံရသူကား ဒိဋ္ဌိတစ်ဦးဖြစ်ပြီး မိမိ၏မဟာမိတ်များအပေါ်တွင် မညှာစတမ်း တမန်တော်မြတ်က ဤသို့အပြစ်ဒဏ်ခပ်ခဲ့ခြင်းကို မက္ကာသားတို့က အံ့ဩမဆုံးဖြစ်ခဲ့ကြရသည် သူ၏တရားမျှတမှု စိတ်ရင်းကောင်းရှိမှုနှင့် ခွင့်လွှတ်ခြင်းကြီးမှုကိုကြည့်ပြီး အစုလိုက် အအုံလိုက် အစ္စလာမ်ကို လက်ခံလာခဲ့ ကြသည်။ မိန်းမရိုင်းကြီး ဟင်းဒ်သည်ပင် မွတ်စ်လင်မ်ဖြစ်လာခဲ့သည်။ 
တမန်တော်မြတ်၏ စာနာထောက်ထားတတ်မှု 
လူတစ်ယောက်သည် မိမိကိုယ်တိုင် ဒုက္ခမဖြစ်ဖူးပါက သူတစ်ပါး ဒုက္ခကိုလည်း မသိတတ်ပေ။ စိတ်ဓါတ်လည်း မပျော့ပျောင်းပေ။ စာနာ ထောက်ထားမှုကို မသိပေ။ အလ္လာဟ်အရှင်မြတ်သည် တမန်တော်မြတ်အား ကမ္ဘာ့ကရုဏာရှင် အဖြစ်နှင့် စေလွှတ်တော်မူခဲ့သည်။ ထို့အတွက်ကြောင့်ပင် အလ္လာဟ် အရှင်မြတ်သည် တမန်တော်မြတ်အား ကမ္ဘာသူ ကမ္ဘာသားများကို သနားကြင်နာထောက်ထား စာနာတတ်တော်မူစေရန် ကလေးဘဝမှာပင် မိတဆိုး၊ ဖတဆိုး ဖြစ်စေ တော်မူခဲ့သည်။ ဒုက္ခဆင်းရဲမှု အမျိုးမျိုးနှင့်လည်း ရင်ဆိုင်စေတော်မူခဲ့သည်။ တမန်တော်မြတ်သည် ကမ္ဘာ့ကရုဏာရှင် ပီပီ ကမ္ဘာသူကမ္ဘာသား အားလုံးတို့အား ကြင်နာစာနာတော်မူသည်။ မိတဆိုး ဖတဆိုးကလေးများကို အလွန် သနားတော် မူသည်။ ဆင်းရဲသူ ဆင်းရဲသားများကို အလွန်ကိုယ်ချင်းစာနာတော်မူသည်။ သူတစ်ပါး၏ဒုက္ခကို မိမိဒုက္ခသဖွယ် ထင်မှတ်တော်မူသည်။ ကိုယ်ဖိရင်ဖိ ပြုစုတော်မူသည်။
ရန်ကုန်ရန်ချင်းမတုန့်နှင်းဘဲ မေတ္တာတရားဖြင့် အနိုင်ယူခဲ့ပုံ
တမန်တော်မြတ်၏ ဟောကြားချက်များကို တစ္ဆေ၊ မိစ္ဆာ ဆင်းတု ရုပ်ပွား၊ စုံးနတ်ကဝေ စသည်တို့ကို နှစ်ခြိုက် ကိုးကွယ်နေကြသော ပြည်သူအများကြားသည့်အခါ ယမ်းနှင့် မီးတွေ့သလို ဒေါသမာန်တက်ြွကပြီး တမန်တော်အား ကျောက်ခဲများနှင့် ပေါက်ကြလေသည်။ ကိုယ်တော်မှာ မရှုမလှခံစားသည့်အခါ ကရုဏာသက်သူတို့က ကိုယ်တော်အား ရက်စက်သူများအပေါ် ကြီးလေးသော အပြစ်ဒဏ်ကျရောက်စေရန် ကျိန်ဆိုတော်မူပါလော့ဟု လျှောက်ကြသည်။ ကိုယ်တော်က လက်တော်ကိုမြှောက်၍ 'အလ္လာဟ်အရှင်မြတ်သည် ဝေနေယျသတ္တဝါအပေါင်းတို့အပေါ်၌ ကရုဏာ မေတ္တာတရားပြန့်ပွားစေရန် ကျွန်ုပ်ကိုစေလွှတ်တော်မူသည်။ သို့ပါလျက် ၎င်းတို့အပေါ်ဝယ် အပြစ်ကျရောက်ရန် အဘယ်ကဲ့သို့ ကျိန်ဆိုပါအံ့နည်း'ဟု မိန့်ဆိုခဲ့သည်။ 
ပကတိအေးချမ်းတည်ငြိမ်သောတမန်တော်မြတ်(ဆွ
တစ်ခါက တမန်တော်မြတ်က ဟာဂ်ျပြုရန်သွားသောအခါ အဲဟ်ရာမ်ဝတ်စုံအနေဖြင့် ဟောင်းနွမ်း နေသော အထည်အား ဝတ်ဆင်ထားသည်ကိုတွေ့ရသည်။ ယင်းအပေါ်တွင် အပေါက်များကို ဖာထေး ထားသည်။ ဟာဂ်ျကာလတွင် တမန်တော်မြတ်က အလ္လာ့ဟ်ထံသို့ ဆုတောင်းသည်မှာ 'အို - အလ္လာဟ် အရှင်မြတ် - ဤသည်ကျွန်ုပ်၏ ဟာဂ်ျ ဖြစ်ပါသည်။ မည်သည့်ပြစားမှုလည်းမရှိပါ။ မည်သည့်ဂုဏ်ဖော်ခြင်းလည်း မပြုပါ'ဟုဆိုခဲ့သည်။ စကားအရာတွင် မလိုအပ်လျှင်မပြောတတ်၊ အလဟဿစကားကို ပြောဆိုခြင်းမရှိပေ။ သူတစ်ပါးကို ပင့်မြှောက်ခြင်းလည်းမပြု။ တမန်တော်မြတ်ပြုံးခြင်းသည် ရယ်ခြင်းပင်ဖြစ်သည်။ စကားအရာတွင် အလွန်နှေးခြင်း မရှိသကဲ့သို့ မြန်မြန်ဆန်ဆန်စကားပြောခြင်းလည်းမရှိပါ။ ရဲဘော်ရဲဘက် ဆွဟာဗီတို့က တမန်တော်မြတ်၏ ပြုံးခြင်းကို သဘောတူညီမှုအဖြစ် မှတ်ယူထားကြသည်။ တမန်တော်မြတ်၏ အစုအဝေးသည် ပညာဗဟုသုတ ဖြန့်ဝေရာ အစုအဝေးဖြစ်သည်။ စောင့်ထိန်းတတ်မှု၊ တာဝန်သိမှု၊ ကောင်းမြတ်သော ကျင့်စဉ်ကျင့်ရပ်ကို ဖြန့်ဝေပေးနိုင်ခြင်း ပြုသောနေရာလည်းဖြစ်သည်။ သူတစ်ပါးအကြောင်းကို ဝေဖန်မှုပြုရာ၊ အတင်းအဖျင်းပြောရာ နေရာလည်းမဟုတ်ပေ။ တမန်တော်မြတ်မိန့်ချွေစဉ်ကာလ ရဲဘော်ရဲဘက်တို့၏ အာရုံပြုမှုအခြေအနေက အာရဗီစကားပုံအရ ပြောရသော် 'သူတို့၏ငြိမ်သက်မှုကြောင့် ခေါင်းပေါ်တွင် ငှက်များပင်နားနေနိုင်ပါသည်'ဟု ဆိုရပေမည်။ 
တမန်တော်မြတ်၏ ထူးကဲမွန်မြတ်လှသော ကိုယ်ကျင့်တရားများ 
တမန်တော်မြတ်သည် အဘယ်မျှထူးကဲမွန်မြတ်လှသော ကိုယ်ကျင့်တရားများကို ပိုင်ဆိုင် ထားတော်မူလေသည်။ အံ့ဖွယ်ရာပင်ဖြစ်သည်။ မိမိလက်အောက်ငယ်သားများအား သွားကြကုန်။ မိမိတို့ အလုပ်များကို ဆောင်ရွက်ကြကုန်ဟု မိန့်ကြားရန် အားနာတော်မူလေသည်။ ဤသည်ကား ကိုယ်တော်၏ ကိုယ်ရေးကိုယ်တာ ကိစ္စများနှင့် ပတ်သက် သည့်အခါမျိုး၌ဖြစ်သည်။ တစ်ခါက လူတစ်ဦးသည် တမန်တော်မြတ်(ဆွ)ထံ ဆိတ်များတောင်းလေသည်။ ထိုဆိတ်များသည် တမန်တော်မြတ်(ဆွ)ပိုင်ဆိတ်များဖြစ်သည်။ ထိုဆိတ်အုပ်သည် တောင်နှစ်လုံးကြား၌ ကျက်စားလျက်ရှိသည်။ တမန်တော်မြတ်(ဆွ)သည် ဆိတ်အားလုံးကို ထိုသူအားပေးလိုက်သည်။ ထိုသူသည် ဆိတ်အုပ်ကိုယူ၍ မိမိအမျိုးသားများထံသို့ ရောက်ရှိ၍ မိမိ၏အမျိုးသားများအား ပြောပြသည်မှာ 'ကျွန်ုပ်၏အမျိုးသားအပေါင်းတို့ အစ္စလာမ်သာသနာအား လက်ခံကြကုန်။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ ပြောနေပါသည်။ မုဟမ္မဒ်(ဆွ)သည် အလွန်ရက်ရောသူ ဖြစ်သည်။ ပေးကမ်းစွန့်ကြဲသည့်နေရာ၌ ဆင်းရဲသွားမည်ကို ထည့်သွင်းစဉ်းစားခြင်းမရှိပါ'ဟုပြောလေသည်။ 'မွတ်စလင်မ်ကျမ်း' သာဝကကြီး အတ်စ်ဝသ်(ရသွေ့)သခင်ထံမှ ဆင့်ပြန်ခဲ့သည်။ ထိုသာဝကကြီးပြောပြခဲ့သည်မှာ ကျွန်ုပ်သည် အာအေရှာသခင်မအား တမန်တော်မြတ်(ဆွ)သည် အိမ်၌ရှိစဉ် မည်သည့်အမှုကိစ္စများကို ဆောင်ရွက်တော်မူသနည်းဟု မေးမြန်းလျှောက်ထားရာ သခင်မက အိမ်တွင်းကိစ္စများကို ကူညီ ဆောင်ရွက်တော် မူသည်ဟု မိန့်ကြားလေသည်။ (ဗုခါရီကျမ်း) တမန်တော်မြတ်(ဆွ)၏ တမန်တော်သက်တမ်းမှာ ကာလအားဖြင့် (၂၃)နှစ်သာရှိသည်။ ဆောင်ရွက်မှု အတိုင်း အတာမှာမူ ကိယာမသ်နေ့အထိ ကျယ်ဝန်းမှုရှိသည်။ ထို့ကြောင့် တမန်တော်၏ဘဝတာမှာ တစ်စက္ကန့် ဟူသော အချိန်ကာလသည်ပင် နှစ်ပေါင်းထောင်သောင်းမကထက် ညီသည်ဟု ဆိုရပေမည်။ 
ငြိမ်းချမ်းရေးတမန်တော် 
တမန်တော်မြတ်သည် အစ္စလာမ်ကို တင်ပြခဲ့ခြင်းကြောင့် မက္ကာဟ်မြို့သားများမှာ အလုံးအရင်းနှင့် ရန်သက္ကရု ပြုလာခဲ့ကြသည်။ နောက်ဆုံးတွင် တမန်တော်မြတ်ကို လက်နက်စွဲကိုင်ပြီး ဆန့်ကျင်လာခဲ့က၏။ မည်မျှပင် ခက်ခဲကြမ်းတမ်းမှုများ၊ ဆင်းရဲပင်ပမ်းမှုများနှင့် ကြုံတွေ့ခဲ့ရသော်ငြါးလည်း တမန်တော်မြတ်မှာ စိတ်ပျက်အားလျော့ခြင်းမရှိခဲ့ပေ။ အလံမလဲခဲ့ပေ။ နောက်ဆုံးတွင် မိမိ၏အသက်ဘေးအန္တရာယ်နှင့် အစ္စလာမ် သာသနာ့အရေးအတွက် မဒီနာမြို့သို့ ထွက်ခွာပြောင်းကြွခဲ့ရရှာ၏။ တမန်တော်မြတ်ကြီးနှင့် လူထုကြီးမှာ မက္ကာဟ်မှ အတန်ငယ်ကွာလှမ်းသည့် ဟုဒိုင်ဗီယာအရပ်ကို ရောက်သည့်တိုင်အောင် မနားမနေခရီးဆက်ခဲ့သည်။ ဤနေရာတွင် ဝမ်းသာပျော်ရွှင်နေသော ဟာဂျီများ၏ မျက်နှာမှာ တမဟုတ်ခြင်း လငပုတ်ဖမ်းသည့်နှယ် ညိုမဲသွားကြ၏။ မက္ကာဟ်မှ သံတမန်တစ်ဦးက တမန်တော်မြတ်ထံ ရောက်လာပြီး 'ဤနေရာမှ ရှေ့ကို တလှမ်းစာသော်မျှတိုးရန် မကြံပါနှင့်' ဤသတိပေးချက် ကို မလိုက်နာပါက မွတ်စလင်မ်များအဘို့ ဒုက္ခဆိုးနှင့် ကြုံတွေ့ရပေမည်။ မက္ကာဟ်မြို့သို့ အသင်တို့ ဝင်ရောက်ခွင့်မရှိဟု ရာဇသံပေးလာခဲ့၏။ အတော်အတန်အရေးဆို တောင်းပန်သည့်အခါတွင်မှ မက္ကာဟ်သားများ က စာချုပ်တစ်ရပ် ချုပ်ဆိုရေးကို ဆွေးနွေးကြရန် သဘောတူညီခဲ့ကြ၏။ စာချုပ်ပါစကားများမှာ မွတ်စလင်မ်တို့ကို အကြီးအကျယ် လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့သည်။ သို့သော် တမန်တော်မြတ်(ဆွ)က ယင်းတို့အား ဆိတ်ငြိမ်စွာနေစေခဲ့ပြီး စာချုပ်ကို ရေးသားရန် အမိန့်ပေးခဲ့၏။ ဤစာချုပ် ချုပ်ဆိုရာနေရာတွင် မွတ်စလင်မ်တစ်ထောင့်လေးရာထိစုဝေးလျက်ရှိနေ၏။ အားလုံးပင် ကြံ့ခိုင်သန်စွမ်းပြီး ရဲစွမ်း သတ္တိအပြည့်အဝရှိကြ၏။ လက်နက်စဲကိုင်ပြီး တိုက်ပွဲဝင်ရဲသူများဖြစ်၏။ အစ္စလာမ့်ညီနောင်များအတွက် အသက်ကို ပဓာနမထားကြသူမျပင် ဖြစ်ကြ၏။ သို့သော် တမန်တော်မြတ်က ဤစာချုပ်ချုပ်ကို လက်မှတ် ရေးထိုးခဲ့သည်မှာ ငြိမ်းချမ်းရေးကို ရှေ့ရှုပြီး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပေသည်။ ငြိမ်းချမ်းရာအစစ်အမှန်အစ္စလာမ်ကို လက်တွေ့သရုပ်သကန်ဖော်ကျူးခဲ့သည့် မဟာတမန်တော်မြတ်၏ စွန္နသ် မေတ္တာလမ်းစဉ်သည် လောကအဝှန်းကို ဆင်းရဲခပ်သိမ်း၊ ဒုက္ခခပ်သိမ်း၊ ကြောင့်ကြခပ်သိမ်းမှ အမှန်တကယ် လွတ်ငြိမ်း နိုင်ပါသည်။ ဤအချက်ကို အကြမ်းမဖက်ရေးဝါဒီ မဟတ္တမဂန္ဒီကြီး၊ ပြင်သစ်ဘုရင် နပိုလီယန်၊ အင်္ဂလိပ်စာရေးဆရာကြီး အားနဒ်ရှော၊ ရုရှားငြိမ်းချမ်းရေးသမားကြီး တော်လ်စတွိုင်း၊ အနောက်တိုင်း ဒဿနိကပဂေးကြီး ရပ်စဲလ်၊ သမိုင်းသုတေသီ မိုက်ကယ်အိပ်ခ်ျဟတ်စ် တို့အပြင် ခေတ်သစ်၊ ခေတ်နှောင်း၊ ခေတ်ဟောင်းတို့တွင် ပေါ်ထွန်းခဲ့သည့် ပညာရှင်သုတေသီ အမြောက်အမြားတို့က ဝန်ခံအသိအမှတ်ပြုခဲ့ပါသည်။ ဗြိတိန်နိုင်ငံ၏ အိမ်ရှေ့မင်းသား ချားလ်စ်သည် ဤစာရင်းတွင် ထိပ်ဆုံးကပါပေသည်။ မေတ္တာရှင်၏ ငြိမ်းချမ်းရေးလမ်းစဉ်နှင့် ချစ်မြတ်နိုးဖွယ်ရာ ပြုမူကျင့်ဆောင်ချက်များသည် လူသားတို့အား နှစ်ဘဝချမ်းမြေ့သာယာရေးကို လက်တွေ့ ကျကျ သရုပ်ဖော်ထားပါသည်။ နှလုံးသားကိလေသာကြေးညှော်တို့မှ ကင်းစင်စေရေးမှသည် အတွင်းအဇ္ဈတ္တသန္တာန်၌ သန္တိသုခစိုက်ရေးအထိ အလေးဂရုပြုကာ နည်းပေးလမ်းပြထား ပေသည်။ လူမှုဆက်ဆံရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဘက်စုံပညာရေး၊ စူးစမ်းရှာဖွေ သုတေသနပြုရေး စသည်တို့ကို အစ္စလာမ်ဓမ္မတွင် တွေ့မြင်ရမှာဖြစ်သလို လူသားဝါဒ ဖော်ထုတ်ရေး၊ အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေး၊ လူမျိုးကြီးဝါဒနှင့် ဇာတ်စနစ်ဖျက်သိမ်းရေး၊ ကျွန်စနစ်ချုပ်ငြိမ်းရေး၊ ဝိသမလောဘကိုအရင်းခံသည် လက်ဝါးကြီးအုပ် ဂုတ်သွေးစုပ် စီးပွားရေးစနစ်ပပျောက်ရေး၊ သမာအာဇီဝကျသော စီးပွားရေး စနစ်ဖြင့် အသက်မွေးဝမ်းကျောင်းထူထောင်ရေး၊ အမျိုးသမီးများဘဝမြှင့်တင်ရေး၊ လူငယ်ဘဝ စနစ်တကျ ပြုစု ပျိုးထောင်ရေး၊ သက်ကြီးရွယ်အိုတို့အား စောင့်ရှောက်ရေး၊ တိရိစ္ဆာန်အခွင့်အရေး အပြည့်အဝပေးရေး၊ မွေးရပ်မြေကို ချစ်မြတ်နိုးရေး၊ အမျိုးသားရေးတာဝန်များ ကျေပွန်ရေး၊ ပြည်ထောင်အချင်းချင်း ဆက်ဆံရေး၊ ဂျီနီဗာကွန်ဗင်းရှင်း၏ ရေသောက်မြစ်ဟုဆိုနိုင်သော စစ်နှင့်ငြိမ်းချမ်းရေးကာလ ဥပဒေသတို့မှာ မြတ်တမန်တော် ကိုယ်တော်တိုင် ကျင့်သုံးခဲ့သည့် လောကပါလတရား တစ်စိတ်တဒေသာလျှင်ဖြစ်ပေသည်။ ယနေ့ကမ္ဘာတွင် ကမ္ဘာ့ကုလသမဂ္ဂ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၊ ကလေးများရန်ပုံငွေ အဖွဲ့၊ မြာက်အတ္တလန္တိတ်စာချုပ်နိုင်ငံများက အစရှိသည့်အဖွဲ့အစည်းများက အဓိကထား ဖ်ာဆောင်နေကြသော တရားမျှတမှု၊ လူသားချင်းစာနာမှု၊ ကလေးငယ်များ၏ အခွင့်အရေးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ အိမ်နီးချင်းများ အပေါ်ထားရှိရမည့် တာဝန်ဝတ္တရားများသည် အစ္စလာမ်သာသနာဝင်များအတွက် အလ္လာဟ်အရှင်မြတ်က ချပေးသနားတော်မူခဲ့ကာ ကျမ်းမြတ် ကုရ်အာန်၌ရှင်းလင်းထားရှိပြီး တမန်တော်မြတ်(ဆွ)ကိုယ်တိုင်လည်း စံပြလက်တွေ့ဖော်ဆောင်လိုက်နာခဲ့ပြီးဖြစ်ပေသည်။ ဤသည်တို့မှာ 
တမန်တော်မြတ်ကြီး၏ မေတ္တာတရားနှင့် ယှဉ်၍ ပြုမူဆောင်ရွက်ခဲ့သောချစ်စဖွယ်အပြုအမူများပင် ဖြစ်ပါသည်။ 
နိဂုံး 
မဟာတမန်တော်မြတ်ကြီး၏ ဘဝတစ်လျှောက် ကျင့်သုံးခဲ့သည့် အကြောင်းအရာများသည် အစ္စလာမ် သာသနာဝင်များအတွက်စံပြုနမူနာယူဖွယ်၊ ချစ်မြတ်နိုးဖွယ်ရာများပင်ဖြစ်ပေသည်။ 'ကြာလည်းမနှောင်း - နှောင်းလည်းဆန်းသစ် ကဏ္ဍသစ်ကို - မြတ်ချစ်တမန်ဖွင့်ခဲ့သည် 'ဆိုသည့် ကဗျာလေးအတိုင်းပင် တမန်တော်မြတ်ကြီးသည် ကျွန်ုပ်တို့အတွက် 'ချစ်ကြည်မြတ်နိုးဖွယ်တို့တမန်တော်'ပင်ဖြစ်ပါပေတော့သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ခေါင်းဆောင်ကြီး တမန်တော်မြတ်(ဆွ)၏ သွန်သင်ဆုံးမမှုများကို နောက်လိုက်ကောင်းများပီပီ လိုက်နာ ဖော်ထုတ်ကြပါစို့ . . . . . .
Saturday, June 9, 2012
မမေ့ပျောက်နိုင်သောသမိုင်ဝင်မိန့်ခွန်းတော်
မမေ့ပျောက်နိုင်သောသမိုင်ဝင်မိန့်ခွန်းတော်
တမန်တော်အပေါင်း၏ အချုပ်တံဆိပ်တော်ဦးစီးခေါင်းဆောင် ၊ တမန်တော်မြတ်ကြီး မုဟမ္မဒ်(ဆွ) သက်တော် ၆၃ နှစ်အရွယ် ဇွလ်ဟဂ်ျလ ၈ ရက်နေ့တွင် နောက်ဆုံးအကြိမ်ဟဂ်ျဝတ်ပြုစဉ် အာရာဖသ် ကွင်းပြင်တော်၌ မိန့်ကြားခဲ့သော သမိုင်းဝင် မိန့်ခွန်းတော် -
““ ချီးမွမ်းထောမနာခြင်းဟူဟူသမျှသည် အလ်လာဟ်အရှင်မြတ်အဖို့သာတည်း။ သို့ကြောင့် ကျွန်ုပ်တို့သည် အရှင့်ကို ချီးမွမ်းထောမနာပြုကြပါ၏။ အရှင်မြတ်၏ အခွင့်လွှတ်ခြင်းကို ရှာဖွေကာ အရှင့်ဘက်သို့လှည့်ပါ၏။ ကျွန်ုပ်တို့စိတ်တွင်းရှိ မကောင်းမှုများမှလည်းကောင်း၊ ကျွန်ုပ်တို့လုပ်ကိုင်ဆောင်ရွက်မှုများမှ ထွက်ပေါ်လာမည့်မကောင်းမှုများမှလည်းကောင်း၊ အရှင်ထံတော်တွင် ခိုလှုံခွင့်တောင်းခံပါ၏။ ............. ””
အို - လူအပေါင်းတို့၊ ကျွန်ုပ်၏စကားကို နားဆင်ကြပါလော့၊ အဘယ်ကြောင့်ဆိုသော် ဤနှစ်ဟဂ်ျရာသီပြီး၌ ကျွန်ုပ်တို့ ပြန်လည်တွေ့ဆုံနိုင်မည်၊ မတွေ့ဆုံမည်ကို မသိရှိသောကြောင့်ပင်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ -
အို - လူခပင်းတို့၊ ငါတို့သည် အသင်တို့အား ယောက်ျားမိန်းမတစ်ယောက်ဆီမှဖန်ဆင်းခဲ့ပြီး အသင်တို့အချင်းချင်း တစ်ဦးကိုတစ်ဦးမှတ်မိကြအံ့သောငှာ လူမျိုးစုအသီးသီး မျိုးနွယ်အသွယ်သွယ် ပြုလုပ်တော်မူခဲ့၏။ ဧကန်စင်စစ် အသင်တို့အနက် (အလ်လဟ်အရှင်မြတ်အား) ချစ်မြတ်နိုးကြောက်ရွံ့ဆုံးသော၊ အပြစ်များမှ အများဆုံးကြဉ်ရှောင်သော ဖြောင့်မတ်မှန်ကန်သူသာလျှင် အလ်လာဟ်အရှင်မြတ်ထံတော်ဝယ် အမြင့်မြတ်ဆုံးသောသူဖြစ်၏။ (ကုရ်အာန် ၄၉း၁၄)
အရှင်မြတ်ထံတော်ပါးတွင်ရှိသည့် သာလွန်မှုမှလွဲ၍ ၊ အာရပ်တစ်ဦးသည် အာရပ်မဟုတ်သူတစ်ဦးထက်သည် သာလွန်သည်မဟုတ်သလို၊ အာရပ်မဟုတ်သူတစ်ဦးသည်လည်း အာရပ်တစ်ဦးထက် သာလွန်သည်မဟုတ်။ အဖြူသည်လည်း အမဲထက်မသာလွန်၊ အမဲသည်လည်း အဖြူထက်သာလွန်သည်မရှိချေ။ လူသားအားလုံးသည် အာဒမ်၏ အဆက်အနွယ်သားမြေးများဖြစ်ကြပြီး ရွှံ့စေးမြေဖြင့်သာ ဖန်ဆင်းခံရ၏။ မျက်မှောင့်ပြုကြလော့၊ သွေးကြွေးကြောင့် လည်းကောင်း၊ ဥစ္စာဓနကြွေးများကြောင့်လည်းကောင်း လက်တုန့်ပြန်မှုအားလုံးကို ငါ၏ခြေမှောက်ရောက်စေလျက် သင်ပုန်းချေလိုက်ပြီဖြစ်သည်။ ကအ်ဘာကျောင်းတော်ကို ထိန်းသိမ်းခြင်းနှင့် ဟာဂျီများကို ရေပေးဝေခြင်းမှအပ ကျန်သမျှခပ်သိမ်းကား ကြွင်းကျန်မနေတော့ပြီ။ အို - ကိုရိုက်ရှ် အမျိုးသားတို့ ၊ အချို့သူများက မိမိတို့၏ ဖန်ဆင်းမွေးမြူတော်မူသောအရှင်၏ ရှေ့တော်မှောက်တွင် နောင်တမလွန်ဘ၀ ဆုလာဘ်တော်များနှင့် ရှိနေစဉ်တွင် အသင်တို့သည် တရားစီရင်မည့် ထိုသည့်နေ့တော်ကြီးတွင် ဤလောကီဝန်ထုပ်ဝန်ပိုးများဖြင့် ပြည့်နှက်လျက်ရှိမနေစေလင့်။ ဤသို့သောအခြေအနေတွင် ငါသည် အရှင်မြတ်နှင့်ဆန့်ကျင်လျက် အသင်တို့နှင့်အတူရှိနေမည်မဟုတ်ချေ။
မျက်မှောက်ပြုကြလော့၊ အတိတ်ခေတ်က အကျင့်ဆိုးအားလုံးသည် ငါ၏ခြေအောက်ရောက်စေပြီး သင်ပုန်းချေလိုက်ပြီ၊ ချေမှုန်းပစ်လိုက်ပြီဖြစ်၏။ အတိတ်ခေတ်က လက်တုန့်ပြန်မှု၊ သွေးထွက်သံယို ကလဲ့စားချေတိုက်ခိုက်မှုများ၊ ရန်ငြိုးရန်စအားလုံးကို လွတ်ငြိမ်းစေလိုက်ပြီ၊ ဥပက္ခာပြုလိုက်ပြီ၊ သင်ပုန်းချေလိုက်ပြီ၊ ပယ်ဖျက်လိုက်ပြီ။ ..........
အို - လူသားအပေါင်းတို့၊ အမှန်ပင်၊ အသင်တို့သည် အသင်တို့၏ ဇနီးမယားများအပေါ်တွင် အခွင့်အရေးရှိသကဲ့သို့အသင်တို့ဇနီးမယားများသည်လည်း အသင်တို့အပေါ်အခွင့်အရေးတန်းတူရှိသည်သာ။ အသင်တို့ဇနီးမယားများအား အိမ်ထောင်ရေးဆိုင်ရာအခွင့်အရေးပေးလျက် ဂုဏ်သိမ်ချီးမြင့်ရန် အသင်တို့အပေါ်တာဝန်တင်ပြီး သင့်လျော်မှုမရှိသော မမျှတသည့် အမှုမျိုးကို မကျူးလွန်ကြလင့်။ သို့သော် သူတို့(သင်တို့၏ဇနီးမယားများက စတင်၍)က ထိုသို့ကျူးလွန်ကြပါလျှင် သူတို့အား အိပ်ယာခွဲရန်နှင့် ပြင်းထန်မှုမရှိသော အပြစ်ပေးရန် အခွင့်ရှိပေသည်။ အကယ်၍ အသင်တို့ဇနီးမယားများသည် စောင့်စည်း ထိန်းသိမ်းသော ကာယိနြေ္ဒပိုင်ရှင်များဖြစ်ကြပါလျှင် သူတို့အား အ၀တ်တန်ဆာ စီလျော်လျောက်ပတ်စွာဆင်ယင်ပေးခြင်းနှင့် ကောင်းမွန်တင့်တယ်စွာ ကျွေးမွေးခြင်းကို မလင့်ဟင်းကြစေလင့်။
မှတ်သားလော့၊ အသင်ဇနီးမယားတို့အနေဖြင့် အသင်တို့ခင်ပွန်းသည်များ၏ ခွင့်ပြုချက်မရဘဲ ပစ္စည်းတစ်စုံတစ်ရာကို တစ်ပါးသူအားပေးကမ်းခြင်းမပြုကြလင့်။
မှတ်သားလော့၊ အမျိုးသမီးများအား ကောင်းမွန်သိမ်မွေ့စွာ ဆက်ခံကြလော့။ ......... အမျိုးသမီးများနှင့်ပတ်သက်၍မူ အလ်လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလော့၊ ဧကန်ပင်၊ အသင်တို့သည် အလ်လာဟ်အရှင်မြတ်၏ လုံခြုံစေခြင်းကာကွယ်မှုအပေါ်မှ သူမတို့အားဆောင်ယူခဲ့ကြသလို အရှင်မြတ်၏ နုတ်ကပါတ်တော်များဖြင့် သူမတို့အား တရားဝင်စေခဲ့ကြသောကြောင့်ပင်။............
ချေးယူထားသည့် ငွေကြေးအားလုံးကို ပြန်လည်ပေးဆပ်ကြရမည်။ ချေးယူထားသည့် ပစ္စည်းဥစ္စာများကိုလည်း ပြန်လည်
ပေးဆပ်ကြရမည်။ မိမိရရှိသည့် လက်ဆောင်ပဏ္ဍာများကိုလည်း အတုန့်အလှည့်ဖြင့် ပြန်လည် လက်ဆောင်ပေးသင့်လေ
သည်။ မိမိတို့ထံ (တစ်စုံတစ်ယောက်က) စိတ်ချယုံကြည်စွာအပ်နှံထားသည်များမှ အကြောင်းတစ်ခုခုကြောင့် အပ်နှံ
သူတစ်စုံတစ်ရာဆုံးရှုံးခဲ့လျှင် ထိုသူသည် အကောင်းဆုံးပြုလုပ်ပေးခြင်းဖြင့် အပ်နှံသူကို ကျေနပ်စေရမည်။ .........
အသင်တို့၏ အခိုင်းအစေများနှင့်ပတ်သတ်၍မူ အသင်တို့ကိုယ်တိုင်စားသောက်သည့်အတိုင်း သူတို့အား ကျွေးမွေးကြပါလေ။အသင်တို့ဝတ်ဆင်သည့်အတိုင်း သူတို့အား ဆင်ယင်ပေးပါလေ။
ကျွန်ုပ်၏နောက်တွင် လမ်းမှားသို့မလိုက်မိစေရန်လည်းကောင်း၊ တစ်ယောက်၏လည်ကုပ်ကို တစ်ယောက်ညှစ်သကဲ့သို့
သတ်ပုတ်ခိုက်ရန်ဖြစ်ပွားခြင်းမရှိစေရန် စောင့်စည်းထိန်းသိမ်းကြပါလေ။ ............
အမှန်စင်စစ်သော်ကား ကောင်းမှုနှင့်မကောင်း မှုတို့မှာ တူကြသည်မဟုတ်ပေ၊ (သို့ဖြစ်ပေရာ) အသင်သည် (မကောင်းမှုကို) ကောင်းမှုဖြင့် ခုခံတွန်းလှန် ပါလေ။ သို့ဖြစ်လျှင် အကြင်သူနှင့် အသင်၏အကြား၌ ရန်ငြိုးရှိ သော်လည်းထိုသူသည် မိတ်ဆွေအရင်းကဲ့သို့ ဖြစ်လာပေမည်။(ကုရ်အာန် ၄၁း၃၅)
ကျော်စွာ(၁၀၀)ထဲကနံပါတ်တစ်တမန်တော်မြတ်(ဆွ)
 ကျော်စွာတစ်ရာထဲက Micheal H.Hart ရဲ့ကိုယ်တော်မြတ်ပေါ်...အမြင်ပါ။
မုဟမ္မဒ်(ဆွ) ကိုကမ္ဘာ့ဩဇာအရှိဆုံး ပုဂ္ဂိုလ်ထဲမှာ ထိပ်ကထဲ့လိုက်တာကို.တစ်ချို့လဲအံ့ဩမယ်၊ တစ်ချို့လည်းဟုတ်ရဲ့လားကွဲ့လို့မေးခွန်းထုတ်မယ်။
သမိုင်းကိုပြန်ကြည့်ရင်ကိုးကွယ်ယုံကြည်မှုဘက်၊ပြည့်ရေးရွာမှုဘက်၊နှစ်ဘက်စလုံးမှာ အကြီးအကျယ်အောင်မြင်ခဲ့တဲ့ပုဂ္ဂိုလ် ဖြစ်တယ်။
အညတြအနေနဲ့က ကမ္ဘာ့အကြီးဆုံးယုံကြည်မှုတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ ယုံကြည်မှုကို ပေါ်ထွန်းစေခဲ့တယ်။ အင်မတန်တန်ခိုးဩဇာကြီးတဲ့ နိုင်ငံရေးခေါင်းဆောင်လည်း ဖြစ်ခဲ့တယ်။ကွယ်လွန်ခဲ့တာ နှစ်ပေါင်းထောင့်လေးရာရှိပေမယ့် မုဟမ္မဒ်ရဲ့ဩဇာကြီးမားရှင်သန်ဆဲ ရှိပါသေးတယ်။
ဒီကျမ်းထဲမှာပါတဲ့ပုဂ္ဂိုလ်အများဆုဟာ နိုင်ငံရေးအရ ဆုံလယ်လိုအချက်အချာဒေသ၊ဓလေ့အရာမှာလည်းအမြင့်ဆုံးဒေသ၊ ယဉ်ကျေးမှုဘက်မှာလည်း ဗဟိုဆိုတဲ့နေရာတွေမှာ မွေးဖွားခဲ့တဲ့ အချက်ဟာဒီပုဂ္ဂိုလ်တွေအတွက် အခြေခံကောင်းလို့ဆိုရမယ်။ ဒါပေမဲ့ မုဟမ္မဒ်ကို အဲ့ဒီအခါက စာပေကျမ်းဂန်၊အနုပညာနဲ့ရောင်းဝယ်ရေးမထွန်းကား၊မတိုးတက်တဲ့ အာရေဘိယ တောင်ဘက်မက္ကာမှာ၅၇၀ကမွေးဖွားခဲ့တယ်။ခြောက်နှစ်သားမှာမိဘမဲ့ကလေး ဖြစ်ရရှာပါတယ်။လူတန်းစေ့ရုံ အနိုင်နိုင်နေရတဲ့ဘဝမှာ ကြီးပြင်းခဲ့ရတယ်။အစ္စလာမ်အစဉ်အဆက်ပြောစကားအရ စာပေမတက်ကျွမ်းပါ။ အသက်နှစ်ဆယ့်ငါးနှစ်မှာ မုဆိုးမတစ်ဦးနဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ဒါပေမယ့်အသက်လေးဆယ်ကျော်အထိ သူ့ကိုနောင်ထင်ရှားကျော်ကြားလာမယ်လို့ ဘယ်သူမှထင်မှတ်ကြမည်မဟုတ်ပါ။
ဟိုတုန်းကအာရပ်အများစုဟာ မိစ္ဆာအယူရှိကြတယ်။ဘုရားပေါင်းစုံ ကိုးကွယ်တယ်။မုဟမ္မဒ်ဟာမက္ကာ
မှာဂျုး၊ခရိယာန်လူနည်းစုတွေဆီက စကြဝဠာတစ်ခုလုံးကို စီမံအုပ်ချုပ်တဲ့ တစ်ဆူတည်းသောဘုရား၊ရှိတယ်
လို့နာယူခဲ့ဖူးဟန်တူပါတယ်။အသက်လေးဆယ်မှာ ဒီစစ်မှန်သောဘုရား (Allah) ကတမန်တော်ကြီး
ဂဗရီရယ်မှတဆင့် အယူမှန်ကိုပျံ့နှံ့အောင်လုပ်ဖို့ သူ့ကိုရွေးချယ်တယ်လို့ သိရပါတယ်။
အစပထမသုံးနှစ်မှာ နီးစပ်ရာအရင်းနှီးဆုံး မိတ်သင်္ဂဟကိုပဲ ပြောဟောစည်းရုံးတယ်။ပြီးမှ၆၁၃လောက်
မှာလူအများတွေ့ဆုံပြီးတရားဟောပါတယ်။သူ့အယူဝါဒကို သက်ဝင်ယုံကြည်တဲ့သူ တဖြည်းဖြည်းများလာတဲ့
အခါ မက္ကာကိုအုပ်ချုပ်သူတွေက အန္တရာယ်ပေးမယ့် မနှစ်မြို့ဖွယ် အနှောင့်အယှက်တစ်ခုလို့ သတ်မှတ်
လိုက်တယ်။အဖမ်းအချုပ်လွတ်အောင် ၆၂၂မှာ မက္ကာကမြောက်ဘက်မိုင် ၂၀ဝအကွာ မဒီနာကိုတိမ်းရှောင်
ခဲ့ရတယ်။မဒီနာမှာ နိုင်ငံရေးအာဏာ အသင့်အတင့် ရရှိသူတစ်ဦး ဖြစ်လာပါသည်။
တိမ်းရှောင်တာကို ဟစ်ဂျရသ် (ံHijarah) ခေါ်ပါတယ်။ အဲဒီလိုတိမ်းရှောင်ခြင်းဟာ
ပရောဖက်(Prophet) ဘဝမှာ အတက်တစ်ကွေ့ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ မက္ကာမှာတုန်းကနောက်လိုက်
အသင့်အတင့်ရှိခဲ့ပါတယ်။ နှစ်နည်းနည်း အတွင်းမှာပဲ နောက်လိုက်ြွေခရံသင်းပင်း အများကြီးဖြစ်လာတယ်။
မဒီနာနဲ့ မက္ကာတို စစ်ပွဲအပြန်အလှန် အများကြီးတိုက်ခိုက်ကြရတယ်။ ၆၃၀ မှာမက္ကာကို စစ်အောင်နိုင်သူအ
ဖြစ်နဲ့ပြန်ရောက်ပါတယ်။မကွယ်လွန်မီ တစ်နှစ်ခွဲအတွင်းမှာ ယုံကြည်မှုအသစ်ကို အာရပ်မျိုးတူစုတွေ
(Arab Tribes) တစ်ဖွဲ့ပြီးတစ်ဖွဲ့ ကူးပြောင်းလာကြလို့ မုဟမ္မဒ် ကွယ်လွန်တဲ့ ၆၃၂ အခါမှာတောင်ဘက်အာရေဗျ
တစ်ခုလုံးကို ကောင်းစွာအုပ်စီးနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်လာပါတယ်။
အာရေဗျရဲ့ ဗေဒွိုင် (Bedouin ) လူမျိုးစုဟာ အင်မတန်ကြောက်စရာကောင်းတဲ့ အစီအစဉ်ကောင်းတဲ့၊
စစ်သည်တော်တွေလို့ထင်ရှားကျော်ကြားတယ်။ လူဦးရေကတော့နည်းတယ်။အချင်းချင်း မညီမညွတ်လို့နှစ်ဦးနှစ်
ဖက်စလုံး ပြုန်းတီးပျက်စီးကျဆုံးရတဲ့ စစ်ပွဲတွေဆင်နွှဲနေကြလို့၊သူတို့ရဲ့ မြောက်ဘက်က သူတို့ထက်အင်အားကြီးပြီး
စိုက်ပျိုးရေးနဲ့ အခြေတကျ ကြီးပွားနေတဲ့ နိုင်ငံတွေရဲ့ တပ်တွေကို မယှဉ်ပြိုင်နိုင်ခဲ့ကြပါ။ဒါပေမယ့် မုဟမ္မဒ် စုစည်း
ပေးလို့ သူတို့သမိုင်းတစ်လျှောက်မှာ အခုလို ညီညွတ်မှုကိုမရစဖူးရပြီး တစ်ဆူတည်းဖြစ်ပြီးစစ်မှန်သောဘုရား
(Allah)ကိုအပြင်းအထန်စွဲမြဲယုံကြည်စိတ်နဲ့ အာရပ်တပ်ငယ်လေးတွေဟာ လူ့သမိုင်းမှာအင်မတန်အံ့ဩစရာ
ကောင်းလောက်အောင် တစ်ခါထက်တစ်ခါ ပိုမိုအောင်မြင်တဲ့ပွဲစဉ်တွေကိုတိုက်ခိုက်ခဲ့ကြတယ်။အာရေဗျရဲ့အရှေ့
မြောက်ဘက်မှာ စက်စနစ်တွေရဲ့ပါရှအင်ပါရာသစ်ရှိတယ်။အနောက်ဘက်မှာ ကွန်စတန်တိနောပူကို ဗဟိုပြုတဲ့
ဗိုင်ဇန်တန်(ပြဖညေအငညန)ခေါ်တဲ့ အရှေ့ရောမအင်ပိုင်ရာရှိတယ်။ဂဏန်းအရေအတွက်ချပြီးပြောမယ်ဆိုရင် ဒီ
ရန်သူတွေကို အာရပ်တွေမယှဉ်နိုင်ပါ။လက်နက်နဲ့ယှဉ်ရတဲ့ စစ်ပွဲမှာတော့တစ်မျိုးပဲ၊ ယုံကြည်မှုနှိုးဆွထားတဲ့အာရပ်
တွေက ခပ်မြန်မြန်ပဲ မက်ဆိုပိုတေမိယ၊ဆီရိယနဲ့ ပါလက်စတိုင်း တို့ကိုသိမ်းယူနိုင်ခဲ့ပါတယ်။အီဂျစ်ကို ၆၄၂ မှာ ဗိုင်
ဇန်တန် အင်ပိုင်ယာထဲက ဖဲ့ယူခဲ့ပြီး၊ ပါသျှဆပ်တွေကို ၆၃၇ ကဒီစိယ စစ်ပွဲနဲ့၆၂၄ နေဟဗင်စစ်ပွဲတွေမှာခြေမှုန်း
နိုင်ခဲ့တယ်။ဒီနှစ်ပွဲဟာ အရေးအပါဆုံးပါပဲ၊
မိုဟမ္မဒ်နဲ့အရင်းနှီးဆုံး မိတ်ဆွေတွေဖြစ်ပြီး သူ့ကိုဆက်ခံသူတွေလည်းဖြစ်တဲ အဗူဗက္ကရ် နဲ့ အွန်မရ် တို့တွေ
ကကြီးမားလှတဲ့အောင်မြင်ပွဲတွေဆက်လုပ်ခဲ့တာမျှနဲ့လဲ အာရပ်ကြီးပွားတိုးတက်ရေးဟာ မရပ်သေးဘူး။အာရပ်တပ်
မကြီးတွေဟာမြောက်အာဖရိကကိုဖြတ်ပြီး အတ္တလန္တိတ်သမုဒ္ဒရာ ကမ်းခြေအထိ ၇၁၁မှာ နယ်မြေစိမ်းယူပွဲကြီးလုပ်
ပြီးနောက်မြောက်ဘက်ကိုဦးတည်ပြီး ဂျီဗရော်တာရေလက်ကြားကိုဖြတ် စပိန်က ဗီစီဂေါ့သ်နိုင်ငံကို လွှမ်းမိုးလိုက်
သေးတယ်။
ဥရောပရဲ့ခရစ်နိုင်ငံအားလုံးကို မွတ်စလင်ကဝါးမြိုတော့မလောက် စိုးရိမ်ရတဲ့အခြေရောက်လုဆဲဖြစ်ပြီးမှ
နာမည်ကျော်တိုးပဲမှာ ပြင်သစ်နိုင်ငံ အလယ်ပိုင်းအထိပေါက်မြောက်နေပြီဖြစ်တဲ့ မွတ်စလင်တပ်ကို ဖရန့်စ် တွေက
နိုင်လိုက်ပါတယ်။ဒီလိုတစ်ရာစုနှစ်ရာစုလောက် လှုပ်ရှားတိုက်ခိုက်ရုံနဲ့ ဗီဒိုရင်တွေဟာ တမန်တော်ရဲ့အားပေးစ
ကားမျှနဲ့ အိန္ဒိယတိုက်နယ်စပ်က အတ္တလန္တိတ်သမုဒ္ဒရာထိ ကျယ်ပြန့်တဲ့နယ်မြေကို ရယူနိုင်တာဟာအံ့ဩရမှာဖြစ်ပါ
တယ်။အခုထိကမ္ဘာမှာ ဒါလောက်ထိကျယ်ပြန့်တဲ့ အင်ပိုင်ယာမျိုးမမြင်ဘူးသေးပါဘူး။အဲဒါအပြင်သူတို့သိမ်းတဲ့နေ
ရာတိုင်းမှာ သူတို့အယူတွေကိုလူတွေအများကြီးက ပြောင်းယူကြတာကို တွေ့ရမှာဖြစ်ပါတယ်။
ဒီလိုအောင်ပွဲတွေပ ကြာရှည်မတည်မြဲပေမယ့် တမန်တော်အယူကိုဆက်လက်ခံယူခဲ့ကြတဲ့ အာရပ်လက်
အောက်ကလွတ်လပ်ရေးရ နိုင်ငံတွေရှိပါသေးတယ်။စပိန်မှာဆိုရင် အနှစ် ၇၀ဝ ကျော်တိုက်ရပြီးမှ ခရစ်အယူရှိသူ
တွေကကျွန်းဆွယ်တစ်ခုလုံးကိုပြန်ရပါတယ်။ရှေးအကျဆုံးယဉ်ကျေးမှုထွန်းကားတဲ့ မေဆိုပိုတေမိယနဲ့အီဂျစ်မှာလို
ပဲ အာရပ်နိုင်ဖြစ်တဲ့ မြောက်အာဖရိက ကမ်းခြေတစ်လျှောက်မှာလဲ ဒီအတိုင်းပဲတွေ့ရတယ်။ကိုးကွယ်ယုံကြည်မှုအ
သစ်ဟာ အဲဒီနောက်ရာစုနှစ်များစွာဆက်လက်ပျံ့နှံ့ခဲ့တယ်။စတင်တည်ထွန်းရာဒေသကနေ အများကြီးဝေးကွာတဲ့
အရပ်တွေကိုရောက်သွားပြီး အာဖရိကနဲ့အရှေ့အလယ်တွေမှာ ယုံကြည်သူသန်းပေါင်းများစွာရှိသလို၊ ပါကစ္စတန်
နဲ့အိန္ဒိယမြောက်ပိုင်း၊ပြီးတော့ အင်ဒိုနေရှမှာဆိုရင် အားလုံးစည်းလုံးပေါင်းစပ်မိအောင် ကိုးကွယ်ယုံကြည်မှုက
ဆောင်ရွက်ပေးနေပါတယ်။ အိန္ဒိယလို တိုက်ကြီးတစ်တိုက်နီးပါး ကြီးမျှပျယ်ပြန့်တဲ့နေရာမှာတော့ ဟိန္ဒူ၊ မွတ်စလင်
ပဋိပက္ခဟာ ညီညွတ်ရေးရဖို့ အကြီးမားဆုံးအဟန့်အတား ဖြစ်ခဲ့ပါတယ်။
Friday, June 8, 2012
တမန်တော်မြတ်(ဆွ) အားအချစ်ထားခြင်း
  myanmarislam.com
ဒီအပတ်မှာ ကျွန်တော့်အနေနဲ့ တမန်တော်မြတ်(ဆွ)
အားအချစ်ထားခြင်းဆိုတဲ့ ခေါင်းစဉ်ကိုတင်ပြမှာဖြစ်ပါတယ်။  ဘာဖြစ်လို့လဲဆို တော့ လူတွေဟာ အချစ်ကို လွဲမှားစွာ
အသုံးချတတ်လို့ပဲဖြစ်ပါတယ်။ တချို့မွတ်စလင်မ်တွေက တမန်တော်(ဆွ) ကို အချစ်ထားရင်ပြီးရော။
အမှားကျူးလွန်ရင်လည်းရတယ်လို့ လွဲမှားစွာ မှတ်ယူတတ်ကြပါတယ။် တချို့ကျတော့လည်း အလ္လာဟ်နဲ့
တမန်တော်မြတ်(ဆွ) ကို ချစ်နေရင်ပြီးပြီ။ အစ္စလာမ့်ကျင့်စဉ်တွေ လိုက်နာကျင့်သုံးစရာမလိုတော့ဘူးလို့ ထင်ကြပြန်ပါ
တယ်။ တချို့ကျတော့လည်း တမန်တော်မြတ်(ဆွ) ကို ကုရ်အာန်သယ်ဆောင်လာတဲ့ သာမန်လူတစ်ယောက်လောက်ပဲ
သဘောထားကြ ပြန်ပါတယ်။ တချို့ကျတော့လည်း တမန်တော်မြတ်(ဆွ)ကို ချီးမွမ်းလိုက်တာ အလ္လာဟ်ထက်တောင်
သာလွန်သလို ဖြစ်နေပြန်ပါတယ်။
ဒါကြေင့် တမန်တော်မြတ်(ဆွ)ကိုချစ်တယ်ဆိုတာဘာလဲ၊ ကိုယ့်ရဲ့အချစ်ကို ဘယ်လိုသက်သေ ပြရမလဲ။
အသိဥာဏ်နှင့်ယှဉ်သော ယုံကြည်ချက်ထားရှိခြင်း
အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်က လူသားရဲ့နာမ်ခန္ဓာမှာ ကလဗ်လို့ခေါ်တဲ့ စိတ်နှလုံး (Mind and Heart)
ပေးထားပါတယ်။ စိတ် (Mind) ကတော့ ဥာဏ်စင်တို့စုဝေးရာဖြစ်ပြီး နှလုံး(heart) ကတော့ ခံစားမှုတို့စုဝေးရာဖြစ်ပါတယ်။
လူသာမန်တွေအတွက် ဥာဏ်စင် ထဲမှာ ယေဘုယျအားဖြင့် ဆင်ခြင်တုံတရား(Reason)ဟာ အမြင့်ဆုံးဖြစ်ပြီး
ခံစားမှုတွေထဲမှာ တော့ အချစ် (Love)ဟာ အမြင့်ဆုံးဖြစ်ပါတယ်။ အသိဥာဏ်ကိုအသုံးချတဲ့နေရာမှာ အနှိုင်းမဲ့ ကိုးကွယ်ရာကို သိမြင်ခြင်းဟာ အမြင့်ဆုံးဖြစ်ပြီး ခံစားမှုတွေကို အသုံးချတဲ့နေရာမှာလည်း အဲဒီအနှိုင်းမဲ့ကိုးကွယ်ရာကို အချစ်ဆုံးအဖြစ်နှလုံးသွင်းခြင်းဟာအမြင့်ဆုံးဖြစ်ပါတယ်။ဒါကြောင့် အနှိုင်းမဲ့ကိုးကွယ်ရာအသိဖြစ်တဲ့ သောင်ဟီးဒ်တရားကို အသိထားဖို့အခုလိုလမ်းညွှန် ထားပါတယ်။
    "အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်မှအပ အခြားကိုးကွယ်ရာမရှိကြောင်းကိုသိလော့"(ကုရ်အာန် ၄၇း၁၉)
    ဒါကြောင့် ကလီမဟ်လို့ခေါ်တဲ့ သန့်စင်တဲ့သစ္စာစကားကို ဖတ်တယ်ဆိုတဲ့ နေရာမှာ အသိနဲ့ယှဉ်ပြီး
ဖတ်ရမှာဖြစ်ပါတယ်။ ဒီ့အပြင် တမန်တော်မြတ်(ဆွ) ကလည်း အသိပညာရှာ တယ်ဆိုတဲ့နေရာမှာ လက်တွေ့အသုံးဝင်တဲ့၊အကျိုးပြုတဲ့ ပညာရပ်မျိုးကို ရှာလို့အခုလို ဆုဒုအာ ကိုသင်ပေးတားပါတယ်။
အလ္လာဟွမ်းမ အင်း(န်)နီ အအူးဇုဗိက မင့်န်(န်)အိလ်မိလ်လာ ယန်း(န်)ဖအု
"အို-အလ္လာဟ်၊ ကျွန်တော်မျိုးသည် အသုံးမ၀င်၊ အကျိုးမပြုသော အသိပညာမှ ကင်းဝေးစေ၇န် အရှင်မြတ်ထံခိုလှုံပါ၏။" (တမန်တော်မြတ် ဩ၀ါဒ၊မွတ်စလင်မ်ကျမ်း)
အလ္လာဟ်ကိုအချစ်ထားခြင်း
ကုရ်အာန်ကျမ်းမြတ်ကိုဖွင့်လိုက်ရင် ပထမဆုံးအာယသ်လမ်းညွှန်မှာ---
"အရ်ရဟ်မာန်" တည်းဟူသော အနှိုင်းမဲ့ ကရုဏာတော်ရှင် "အရ်ရဟီမ်" တည်းဟူသော အနန္တကောင်းချီး ကရုဏာပေးတော်မူသော အရှင်၊ အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် (အစပြုပါ၏)။ (ကုရ်အာန် ၁း၁)
    ကုရ်အာန်ရဲ့လမ်းညွှန်အာယသ်တိုင်းဟာ အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်ရဲ့ အနှိုင်းမဲ့ကရုဏာတော်
စီမံကိန်းကြီးကို ပြဆိုနေပါတယ်။ အနုမြူမှုန်ကလေးကစပြီး စကြ၀ဠာ လောကခပ်သိမ်းကိုကြည့်ကြည့်၊
သုက်ပိုးကောင်ကလေးကနေ လူ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကိုကြည့်ကြည့်၊ ဥာဏ်မျက်စိနဲ့ကြည့်တတ်ရင်
အလ္လာဟ်ရဲ့ကျေးဇူးတော်ကရုဏာတွေကိုပဲ တွေ့ရပါလိမ့် မယ်။ ဒါကြောင့် လူတိုင်းဟာ ကျေးဇူးတော်ရှင်အလ္လာဟ်ကို
အချစ်ဆုံးဖြစ်ရမယ်။ အဲဒီအချစ်ကို ဘယ်လိုပြရမလဲဆိုတာကို အခုလိုလမ်းညွှန်ထားပါတယ်။
    "အသင်တမန်တော်၊ ပြောလော့။ အကယ်၍ အသင်တို့သည် အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်ကို ချစ်လျှင်ငါ(တမန်တော်)ရဲ့ နောက်လိုက်ကြ။ ထိုအခါအလ္လာဟ်ကလည်း အသင်တို့ကို ချစ်မြတ်နိုးတော်မူအံ့။
အသင်တို့၏အပြစ်များကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူအံ့။ အကြောင်းသော် အလ္လာဟ်သည်များစွာခွင့်လွှတ်တော်မူသောအရှင်၊အနန္တ ကောင်းချီးကရုဏာပေးတော်မူသော
အရှင် ဖြစ်တော်မူပေသည်။"
(ကုရ်အာန် ၃း၃၁)
တမန်တော်မြတ်ကိုအချစ်ထားခြင်း
  ဒီ့အပြင် အလ္လာဟ်အရှင်မြတ်က အမှန်တရားကိုသက်ဝင်ယုံကြည်သူ မုအ်မင်န်မှန်ရင်
 (၁)အလ္လာဟ် (၂)တမန်တော်မြတ်(ဆွ)နဲ့ (၃)ဂျိဟာဒ်=အမှန်တရားအတွက် သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခြင်းတို့ကို
အချစ်ဆုံးဖြစ်ရမယ်လို့လမ်းညွှန်ပြထားပါတယ်။ (ကုရ်အာန် ၉း၂၄)
ဒါကြောင့်တမန်တော်မြတ်(ဆွ)ကလည်း အခုလို သွန်သင်ထားပါတယ်။
"အသင်တို့အနက် မိမိရဲ့သားသမီး၊ မိမိရဲ့မိဘနဲ့
လူသားထုတစ်ရပ်လုံးထက်ပို၍ ငါ တမန်တော်ကို မချစ်သမျှအမှန်တရားကိုသက်ဝင်ယုံကြည်သူ(မုအ်မင်န်)မမည်ချေ(ဗုခါရီကျမ်း၊မွတ်စလင်မ်ကျမ်း)
"ငါတမန်တော်သည်
င့်မြတ်သောကိုယ်ကျင့်တရားများကိုပြီးပြည့်စုံစေရန်အတွက်သာလျှင်
စေလွှတ်ခြင်းခံခဲ့ရ၏။"
(ဟာကင်မ်ကျမ်း)
ဒီ့အပြင် အလ္လာဟ်အရှင်မြတ်က_
"မုချဧကန် အလ္လာဟ်၏ စေတမန်ထံ၌ အသင်တို့အတွက် ကောင်းမြတ်လှပသော စံနမူ နာသည်ရှိ၏"
(ကုရ်အာန် ၃၃း၂၁)
  ဒါကြောင့် အလ္လာဟ်နဲ့ တမန်တော်မြတ်(ဆွ)ကို အချစ်ထားတယ်ဆိုတာဟာ _
အလ္လာဟ်ရဲ့ လမ်းညွှန်ကုရ်အာန်နဲ့ အဲဒီကုရ်အာန်ရဲ့လမ်းညွှန်ကို လက်တွေ့ပုံဖေါ် ပြတဲ့ တမန်တော်မြတ်(ဆွ)ရဲ့
စံနမူတွေကို နားလည်ကျင့်သုံးခြင်း
မိမိတို့ရဲ့ဘ၀ရေးရာပြဿနာတွေကိုလည်း ကုရ်အာန်ကျမ်းစာနဲ့ မန်တော်မြတ်(ဆွ) ရဲ့ စံနှုန်းတွေအတိုင်း
စီရင်ဆုံးဖြတ်ဖြေရှင်းခြင်း
အမှန်တရားပေါ်လွင်လွှမ်းမိုးရေးအတွက် အစွမ်းကုန်ကြိုးပမ်းခြင်း(ဂျိဟာဒ်)တို့နဲ့
လက်တွေ့ပုံဖေါ်ပြသခြင်းဖြစ်တယ်ဆိုတာ ပေါ်လွင်ထင်ရှားနေပါတယ်။ ဒီ့အပြင် ဒီလို ပုံဖေါ်တဲ့နေရာမှာ့
မိမိတို့ရဲ့ ခေါင်းဆောင်အကြီးအကဲ ဆရာသမားတွေကို အလ္လာဟ်နဲ့ တမန်တော်မြတ် (ဆွ) ထက်ပိုပြီး
အချစ်ထားခြင်းမပြုဖို့
ဘ၀ရေးရာတွေဆုံးဖြတ်တဲ့နေရာမှာကုရ်အာန်ကျမ်းမြတ်ရဲ့လမ်းညွှန်နဲ့ တမန်တော် မြတ်(ဆွ)စံနှုန်းတွေရဲ့ ရှေ့ကိုမကျူးမိဖို့ အခုလိုသတိပေးထားပါသေးတယ်။
"လူသားတို့အနက်အချို့သည်(မိမိတို့၏)ဦးစီးခေါင်းဆောင်များကိုအနှိုင်းမဲ့ကိုးကွယ်ရာ
မြတ်အလ္လာဟ်နှင့်ယှဉ်၍ကိုးကွယ်ဆည်းကပ်ကြ၏။၎င်းတို့သည်အလ္လာဟ်အားချစ်မြတ်နိုးဘိသကဲ့သို့ မိမိတို့၏ဦးစီးခေါင်းဆောင်များကိုလည်းချစ်မြတ်နိုးကြ၏။သို့သော်အမှန်တရားကိုသက်ဝင်ယုံကြည်
သူ(မုအ်မင်န်)တိုပကမူအလ္လာဟ့်ကိုသာအလွန်ထက်သန်သောအချစ်ထားကြ၏။အမှားကျူးလွန်သူတို့
သည် ပြစ်ဒဏ်ကိုတွေ့မြင်ခဲ့ကြပါလျှင်အလုံးစုံသောစွမ်းဆောင်နှိုင်မှုတို့သည်အလ္လာဟ်၌သာ
ရှိကြောင်း၊အလ္လာဟ်သည်ပြစ်ဒဏ်များကိုတိကျမှန်ကန်စွာစီရင်တော်မူသောအရှင်ဖြစ်
ကြောင်း (သိကြလိမ့်မည်)၊ ယင်းကို ကြိုတင်သိမြင်ထားလျင် ကောင်းလေစွ"
(ကုရ်အာန် ၂း၁၆၅)
"အိုအမှန်တရားကိုသက်ဝင်ယုံကြည်သူအပေါင်းတို့၊အသင်တို့သည်အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်
ရှေ့၌လည်းကောင်း၊ထိုအရှင်မြတ်၏ စေတမန်(ရှေ့၌လည်းကောင်း) ရှေ့သို့မကျော်တက်ကြလေနှင့်။ မုချဧကန်အလ္လာဟ်သည်အကြွင်းမဲ့ကြားတော်မူသောအရှင်၊အကြွင်းမဲ့သိတော်မူသောအရှင်ဖြစ်တော်မူ၏။ "
(ကုရ်အာန် ၄၉း၁)
နိမ့်ကျသောဆန္ဒနဲ့ အစွဲကိုရှောင်
ဒါကြောင့် အလ္လာဟ်နဲ့ တမန်တော်မြတ်(ဆွ)ကို အမှန်တကယ်ချစ်တယ်ဆိုရင် မိမိတို့ရဲ့ နိမ့်ကျတဲ့ဆန္ဒ(ဟ၀ါ)နဲ့စွဲလမ်းတပ်မက်မှု(ရှဟ်ဝသ်)တွေကို ရှောင်ပြီး ကုရ်အာန်နဲ့ စွန်နဟ် ကို အခြေပြုတဲ့ အသိပညာကို ရှာဖွေတတ်ဖို့၊နားထောင်တတ်ဖို့၊ ကျင့်သုံးတတ်ဖို့လိုပါ တယ်။အစ္စလာမ်ဆိုတဲ့ခေါင်းစဉ်တပ်ပြီး ကုရ်အာန်နဲ့ စွန်နဟ်နဲ့ မှတ်ကျောက်အတင်မခံနိုင်တဲ့ အသိပညာမျိုးကိုရှောင်ရှားတတ်ဖို့လည်း အရေးကြီးပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါ ပုဂ္ဂိုလ်စွဲ၊ ဆရာစွဲမထားဘဲ ဘယ်သူကကုရ်အာန်နဲ့စွန်နဟ်အတိုင်း အမှန်တကယ်ပြောနေ လဲဆိုတာ ခွဲခြားတတ်ဖို့ အရေးကြီးပါတယ်။အဲဒီလိုမှမဟုတ်ရင်အလ္လာဟ်နဲ့တမန်တော် မြတ်ရှေ့ကို ကျော်ရာရောက်သွားမှာဖြစ်ပါတယ်။တမန်တော်မြတ်(ဆွ)ဟာ ဒီနေ့ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး၊ သြဇာအသက်ရောက် ဆုံးဖြစ်ရတာဟာ ကုရ်အာန်နဲ့အသိပညာအတိုင်း ပုံဖေါ်ဆောင်ရွက်ခြင်းနဲ့ မိမိရဲ့ဆန္ဒနဲ့ ခံစားချက်တွေကို ကုရ်အာန်ကျမ်းစာနဲ့အညီ စီမံခန့်ခွဲနိုင်ခြင်း၊အခြားသူတွေရဲ့ ခံစားချက် တွေကို နားလည်ပေးပြီး စနစ်တကျပြုပြင်ပေးတတ်လို့ပဲဖြစ်ပါတယ်။ အစ္စလာမ့်တရားတွေဟောကြားရေးသားတဲ့နေရာမှာ မွတ်စလင်မ်အချင်းချင်းဖြစ်စေ၊ လူသားတွေကိုဖြစ်စေ မုန်းတီးရေးတရားတွေဟောပြီးအုပ်စုခွဲနေသူဟာတမန်တော်မြတ်(ဆွ)ရဲ့ စစ်မှန်တဲ့ နောက်လိုက်မဟုတ်ပါဘူး။လူတွေရဲ့ခံစားချက်တွေကိုနားလည်ပေးပြီး လူတိုင်းရဲ့အခွင့် အရေးကို ကုရ်အာန်ရဲ့ မှတ်ကျောက်တွေနဲ့အညီဖြေရှင်းပေးသူသာ တမန်တော်မြတ်(ဆွ) ကိုတကယ်ချစ်သူတွေ ဖြစ်ပါတယ်။ အလ္လာဟ်ကို ပိုချစ်နိုင်ရန်အလ္လာဟ်၏ဂုဏ်တော်နှင့် အနှိုင်းမဲ့ကရုဏာတော်များကို လေ့လာပါ။ တမန်တော်မြတ်(ဆွ)ကို ပိုချစ်နိုင်ရန် တမန်တော်မြတ်(ဆွ)၏ကရုဏာနှင့် အကျိုးပြုမှုများကို လေ့လာပါ။"မုချဧကန် ငါတမန်တော်သည် အသင်တို့ထံ(အကြင်တရားကို)ထားခဲ့အံ့၊ ယင်းကို အသင်တို့စွဲကိုင်ထားသော်မည်သည့်အခါမျှ လမ်းမှားမည်မဟုတ်၊ ယင်းမှာ အလ္လာဟ်၏ လမ်းညွှန်ကုရ်အာန်နှင့် ထိုအရှင်၏စေတမန်၏စွန်နဟ်ဓလေ့တော်ပင်တည်း" (တမန်တော်မြတ်သြ၀ါဒ၊ ဟာကင်မ်ကျမ်း)
မုဖ်သီ ဦးမြင့်သိန်း (ငြိမ်းချမ်းလုလင်)