ကျေးဇူးတော်အစုံ
ဂုဏ်တော်အနန္တနှင့်ပြည့်စုံ၍ မပြတ်မစဲ သနားကြင်နာတော်မူသော အလ္လာဟ်အရှင်မြတ်၏
နာမတော်ဖြင့် အစပြုပါ၏။
နိဒါန်း “အို - ငါအရှင်၏အချစ်တော် တမန်တော်မြတ်၊
ငါအရှင်သည် မောင်မင်းအား အကြောင်းမဲ့ စေလွှတ်တော်မူသည် မဟုတ်။
စေလွှတ်တော်မူခြင်းအလိုကား (အားလမီးန်)
စကြ၀ဠာတစ်ခုလုံး
ရဟမသ် ဂရုဏာတော်များ ရရှိစေရန်တည်း။”
(ကျမ်းမြတ်ကုရ်အာန်
၂၁း၁၀၇) ကျမ်းမြတ်ကုရ်အာန် တစ်စောင်လုံးတွင် ‘ရဟမသ်’ ဟူသောစကားသည် အလ္လာဟ်အရှင်မြတ်က မိမိ၏
ဂုဏ်တော်ကို ဖွင့်ဆိုရာ၌လည်းကောင်း၊ တမန်တော်မြတ်၏ဂုဏ်ပုဒ်ကို
ဖွင့်ဆိုရာ၌လည်းကောင်း သုံးစွဲထားတော် မူပါသည်။ နဗီတမန်တော်အပေါင်း
တစ်သိန်းနှစ်သောင်းလေးထောင်ကျော် ပွင့်တော်မူခဲ့ရာတွင် အဘယ်နဗီတမန်တော်မျှ ‘ရဟမသ်’ဟူသောစကားနှင့် ဆက်စပ်ခြင်း၊
အမွှမ်းတင်ခြင်း ပြုတော်မူသည်ကို မတွေ့ရပါ။ ‘ရဟမသ်’ဟူသောစကားသည် မေတ္တာနှင့် ကရုဏာကို အနက်ပေးပါသည်။ ကျမ်းမြတ်ကုရ်အာန်တွင်
ခပ်သိမ်းကမ္ဘာအား ကရုဏာတရားနှင့် မေတ္တာတရားသက်ရောက်စေခြင်းအဖြစ်နှင့်
ပွင့်ပေါ်ထွန်းစေသည်ဟု ဖွင့်ဆိုထားခြင်းဖြစ်ပါသည်။ ဤဒေသနာတော် ထောက်ရှုထောအခါ
ကျွန်ုပ်တို့၏ နဗီတမန်တော်သည် ကမ္ဘာခပ်သိမ်းအဘို့ လူ့ဘ၀လမ်းညွှန်အဖြစ်နှင့်
သစ္စာတရားများကို ယူဆောင်လာခဲ့သော လူသားထုတစ်ရပ်လုံး၏ လူ့ဘ၀လမ်းညွှန်
ကမ္ဘာ့ကရုဏာတော်ရှင် ‘ချစ်ကြည်မြတ်နိုးဖွယ်ရာ တမန်တော်’ဖြစ်သည်ကို ထင်းလင်းစွာ တွေ့မြင်ကြပါသည်။
တမန်တော်မြတ်
ငယ်စဉ်ဘဝ
ကျွန်ုပ်တို့၏
တမန်တော်မြတ် မုဟမ္မဒ်(ဆွ)ကို ခရစ်သက္ကရာဇ်
၅၇၁-ခု၊ ဧပြီလ (၂၂)ရက် တနင်္လာနေ့ [၅၇၀-ခု သြဂုတ်လ (၂၀)ရက် ဟုလည်း တွေ့ရပါသည်။] (ဆင်ခုနှစ် ပထမနှစ် ရဗီအွလ်အောင်ဝလ်လ)တွင် မက္ကာမြို့၌
ဖခင် အဗ္ဗဒွလ္လာဟ်သခင်နှင့် မိခင် အာမီနာသခင်မတို့မှ မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့ပါသည်။
တမန်တော်မြတ်(ဆွ)
မဖွားမြင်မီ (၆)လအလိုတွင် ဖခင်ဖြစ်သူ ကွယ်လွန်ခဲ့ကာ၊
သက်တော်(၆)နှစ်အရွယ်တွင်
မိခင်ကြီးလည်း ကွယ်လွန်ခဲ့ရှာသည်။ သက်တော် (၈)နှစ်အရွယ်တွင် တမန်တော်မြတ်(ဆွ)၏ အားကိုးအားထားရသော ဘိုးတော် ကွယ်လွန်ခဲ့ပြန်သည်။ ထို့ကြောင့် တမန်တော်မြတ်(ဆွ)သည် ငယ်စဉ်ကပင် မိဘမဲ့ဖြစ်ခဲ့ရပြီး
ဘကြီးတော် အဘူတွာလစ်ဗ်၏ ထိန်းသိမ်းစောင့်ရှောက်ခြင်းကို ခံယူခဲ့ရရှာသည်။
တမန်တော်မြတ်၏
လူငယ်ဘဝ
တမန်တော်မြတ်(ဆွ)သည် ငယ်စဉ်ဘဝမျာပင် ရိုးသား၏။
မိမိလုပ်အားဖြင့် မိမိဘဝရပ်တည်နိုင်မှုကို အသက် မွေးဝမ်းကြောင်းပြုရ၏။ မှန်ကန်မှုကိုနှစ်သက်၏။
ကတိသစ္စာတည်ကြည်၏။ မွေးချင်းရွယ်တူမိတ်ဆွေများအား ချစ်ကြည်၏။ ခင်မင်၏။
မိမိချွေးဖြင့် ရင်းနှီးစားသောက်ခြင်းကိုသာ နှစ်သက်၏။ အမှန်တရားကို ရှာဖွေ၏။
လေ့လာ၏။ ဖြောင့်မတ်မှုကို ကျင့်သုံး၏။ ထို့ကြောင့်ပင် တမန်တော်ကို
အာရဗ်အမျိုးသားများက 'အလ်လ်အမင်း' ဖြောင့်မတ် တည်ကြည်သူ၊ မှန်ကန်သူ၊ 'ဆွဒစ်က်'သစ္စာရှင်ဟု ခေါ် ကြသည်။ တမန်တော်မြတ်(ဆွ)သခင်သည် သက်တော်(၂၅)နှစ်အရွယ် တွင်
ဘီဘီခတီဂျာ သခင်မ (ပထမဆုံး မွတ်စလင်မ်အမျိုးသမီး)နှင့် ထိမ်းမြားမင်္ဂလာပြု၍ (၂၅)နှစ်တိုင်တိုင် ချစ်ခင် နှစ်သက်စွာဖြင့် ပေါင်းသင်း နေထိုင်ခဲ့သည်။
တိုင်းပြည်ရပ်ရွာအကျိုး သယ်ပိုးဆောင်ရွက်ခြင်း
တမန်တော်မြတ်(ဆွ)သည် တိုင်းပြည် လူမျိုးနှင့်
ရပ်ရွာကျောင်းကန်များ၏အကျိုးကို နဗီတမန်တော်မဖြစ်မီ ကပင်
ဦးဆောင်၍သယ်ပိုးဆောင်ရွက်ခဲ့သည်။ ကအ်ဗာကျောင်းတော် အဆောက်အဦး၏
ပျက်စီးယိုယွင်းမှုများကို အသစ် ပြန်လည်တည်ဆောက်ပေးခဲ့သည်။
တိုင်းပြည်ရပ်ရွာကောင်းစားရေး၊ စည်ပင်သာယာရေး၊ လူထု သက်သာချောင်ချိရေး၊
ငြိမ်းချမ်းသာယာရေး၊ ရသင့်ရထိုက်သော လူ့အခွင့်အရေးများ ရရှိစေရေး၊
ကြီးနိုင်ငယ်ညှင်းစနစ်ကို တိုက်ဖျက်ေး၊ ခရီးသည် ဒုက္ခသည်များ ကယ်တင်မြှင့်တင်ရေး
စသည်တို့ကို မြို့ပေါ်ရှိ လူကြီးများနှင့် စုပေါင်းဆောင်ရွက်ခဲ့သည်။
မှောင်မိုက်နေသော
ခေတ်ကမ္ဘာ
ထိုအချိန်က
အာရေဗျကျွန်းဆွယ်တစ်ခုကြီးတစ်ခုလုံးသည် အမိုက်မှောင်များဖုံးလွှမ်း၍
နိမ့်ကျဆိုးသွမ်းလှပေသည်။ ကြီးနိုင်ငယ်ညှင်းစံနစ်၊ ကျေးကျွန်စံနစ် ထွန်းကားပြီး
လူကိုလူလိုမမြင်။ အမျိုးသမီးများကို လုံးဝတန်ဖိုး မထား၊ မမျှတသော
အနိုင်ကျင့်မှုများဖြင့် အမျိုးသမီးများပေါ် ပြုကျင့်ဆက်ဆံကြသည်။
ယုံကြည်ကိုးကွယ်မှု၌လည်း အကျင့်စာရိတ္တ ပျက်စီးနေသော ထိုခေတ်၊ ထိုဒေသသည် သဘာဝမကျသော
ယုံကြည်ကိုးကွယ်မှုများဖြင့်သာပြွန်းတီး နေပေတော့သည်။ ယင်းယုံကြည်ကိုးကွယ်မှုများသည်
လူသားတို့၏ လူမှုရေး၊ စီးပွားရေး၊ ငြိမ်းချမ်းသာယာရေး၊ တရား မျှတရေးတို့ကို
မည်သို့မျှ အကျိုးပြုနိုင်ခြင်းမရှိတော့ပဲ အထက်ပါဆိုးဝါးမှုများသာ
ပိုမိုကြီးထွားအားပေးနေပေတော့သည်။
နဗီတမန်တော်မြတ်ဖြစ်ခြင်း
ယင်းသို့
ခေတ်စံနစ်နှင့် ယုံကြည်မှုတို့သည် ကြီးစွာမှားယွင်းတိမ်းချော်နေသည်ကို သိမြင်နားလည်သော
ကျွန်ုပ်တို့၏ခေါင်းဆောင်ကြီး မဟာတမန်တော်မြတ် မုဟမ္မဒ်(ဆွ)သည် အမိုက်မှောင်ကမ္ဘာကို
တော်လှန်ပြောင်းလဲပစ်ရန် ကြိုးပမ်းအားထုတ်ခြင်းပြုလာပေ၏။ ခေတ်ဆိုး၊ စံနစ်ဆိုးနှင့်
လူဆိုးကြီးများကို ဖယ်ရှား၍ ခေတ်သစ်၊ စံနစ်သစ်၊ ယုံကြည်မှုအသစ်၊ လူသစ်များကို
ဖန်တီးရန် ကြံစည်အားထုတ်လာခဲ့ပေသည်။ တမန်တော်မြတ်(ဆွ) သက်တော်(၄၀)အရွယ်တွင်
အောက်လ္လာဟို့အရှင်မြတ်သည် တမန်တော်မြတ်အား လူသားတို့၏
နောက်ဆုံးတမန်တော်ဘွဲ့ကိုအပ်နှင်း၍ အလ္လာဟ်အရှင်မြတ်၏ ဝဟီများ(ဗျာဒိတ်များ)ကို တဆင့် ဖြန့်ဝေစေတော်မူခဲ့လေသည်။
တစ်နေ့သောအခါ တမန်တော်မြတ်သည် ဟီရာလိုဏ်ဂူတွင် တရားအားထုတ်နေစဉ် ကောင်းကင်တမန်
ဂျီဗရာအီလ်ရောက်ရှိလာပြီး အလ္လာဟ်အရှင်မြတ်ထံတော်မှ အောက်ပါမုက္ခပါဋ္ဌ်တော်ကို
ရွတ်ဖတ်သရဇ္ဈာယ်တော် မူပါမည့်အကြောင်း လျှောက်ထားပန်ကြားလေတော့သည်။ 'မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၏ နာမတော်ဖြင့် အသင်ဖတ်ပါလေ။
ထိုအရှင်မြတ်သည် (ကမ္ဘာအဝှမ်းကို)ဖန်ဆင်းတော်မူ၏။ ထိုအရှင်မြတ်သည် လူသားအား သွေးခဲတစ်ခုဖြင့် ဖန်ဆင်းတော်မူ၏။
အသင်ဖတ်ပါလေ။ အသင့်အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်သည်
အလွန်နူးညံ့သိမ်မွေ့တော်မူ၏။ ထိုအရှင်မြတ်သည် ကလောင်ဖြင့် သင်ကြားပေးတော်မူ၏။
ထိုအရှင်မြတ်သည် လူသားအား ထိုလူသား မပြုသော အရာများကို သင်ကြားပေးတော်မူ၏။' (ကုရ်အာန် ၉၆း၁-၅)
အထက်ပါ
ဒေသနာတော်သည် အလ္လာဟ်အရှင်မြတ်ထံမှ တမန်တော်မြတ်ထံသို့ ဦးစွာပထမ ကျရောက်လာ ခဲ့သော
မုက္ခပါဋ္ဌ်တော်ဖြစ်၏။
တမန်တော်မြတ်(ဆွ)၏ စံပြဘဝ
တမန်တော်မြတ်(ဆွ)သည် ကွယ်လွန်ချိန်ထိတိုင် စံပြဘဝဖြင့်
လက်တွေ့နေထိုင်သွားခဲ့သည်။ စည်းစိမ်မခံ၊ အခွင့်ထူးမခံ၊ ကုရ်အာန်ကိုလက်ခံခြင်း၊
ပို့ချခြင်း၊ နှုတ်တိုက်ချပေးခြင်းဖြင့်လည်းကောင်း၊ ဆင်းရဲသားများနှင့်
ခရီးသွားများကို လှူဒါန်းခြင်းဖြင့်လည်းကောင်း၊ မမာမကျန်းဖြစ်နေသူများနှင့်
ချိနဲ့သူများထံ သွားရောက်ခြင်းဖြင့်လည်းကောင်း၊ မွတ်စလင်ဟုတ်သူကိုဖြစ်စေ၊
မဟုတ်သူကိုဖြစ်စေ ကောင်းကျိုးဆောင်ပေးခြင်းဖြင့်လည်းကောင်း၊ မိမိ၏အုပ်စုဝင်များ
ကို နှုတ်အားဖြင့် ဆဲဆိုတိုက်ခိုက်လာခြင်းကိုလည်းကောင်း၊
ဓားလှံလေးမြားအားဖြင့်လည်းကောင်း အစဉ်တဆက် ရန်ပြုလာချက်ဘဝ၀ကိုလည်းကောင်း
အကာအကွယ်ပေးခဲ့သည်။ ရှေးယခင်က လုံးဝမရှိခဲ့သည့် ဘာသာရေးကို ထိပ်တန်းထား
အုပ်ချုပ်သည့်စနစ်ကို အောင်မြင်စွာ အခိုင်အမာ စီမံတည်ဆောက်ပေးခဲ့သည်။
မည်သည့်လူသားတစ်ဦးအနေနှင့်မျှ ဤသို့ မစွမ်းနိုင်ရာ။ သို့သော် တမန်တော်မြတ်(ဆွ)၏ အင်ပါယာကြီးကမူ သန်းပေါင်း
ရာပေါင်းများစွာသော လူသားတို့၏ နှလုံးသားများအပေါ် ဩဇာဝင့်ဆဲ စိုးမိုးလျက်ပင်။
ကုရ်အာန်၏ ဥပဒေများကလည်း တမန်တော်မြတ် ကွယ်လွန်ပြီးနောက်ပိုင်း နှစ်ပေါင်း (၁၄၀ဝ)ကြာသည့် ယနေ့ကာလ အထိတိုင်ပင်
အစွမ်းအထက်ဆုံး အကြောင်းခများအဖြစ် တည်ရှိနေပေသည်။
ဗဒရ်စစ်ပွဲ၌
တမန်တော်မြတ်က မွတ်စလင်မ်တို့အပေါ် ပြသခဲ့သော မေတ္တာ
တမန်တော်မြတ်(ဆွ)က စစ်တလင်းတွင် မိမိ၏နောက်လိုက်များကို
ခင်းကျင်းနေရာယူ စီစဉ်ပေးတော် မူသည်။ အင်အားက နည်းလွန်းရုံမက လက်နက်အင်အားကလည်း
အင်မတန်မှပင် ချို့တဲ့လွန်းနေခြင်းကိုမြင်ပြီး တမန်တ်ာမြတ်ခမျာ စိတ်နှလုံးပူပန်နွမ်းလျမဆုံးဖြစ်နေမိရှာသည်။
တမန်တော်မြတ်သည် ကအ်ဗာဘက်လှည့်ပြီး အလ္လာဟ်အရှင်၏ရှေ့တော်ဝယ် ဦးချလျက်ရှိနေရှာသည်။
မိမိနောက်လိုက်များ၏အပြစ်များကို ခွင့်လွှတ်ချမ်းသာပေးတော်မူလှည့်ပါ။ မိမိအတွက်
အရှင်၏ကတိတော်ကို အမှန်ပင်ပြည့်ဝစေတော်မူလှည့်ပါ။ မိမိအား ကူညီထောက်ပံ့တော်မူ
လှည့်ပါဟု ဆုပန်မဆုံး ရှိနေခဲ့သည်။ မိမိတစ်ဦးတည်းသာလျှင် တတ်စွမ်း နိုင်သည့်
ကျိုးနွံမှုမျိုးဖြင့် ကျိုးနွံလျက် မြေတွင် ဦးချပြီး
ငိုကြွေးမပျက်ရှိနေတော်မူရှာသည်။ 'အရည်အတွက် အရရော
အင်အားအရရော လုံးဝ အားရစရာမရှိလေပြီ။ အရှင်၏ အကူအညီတော်သာ လျှင် ကယ်တင်အားထားရာ ရှိပေတော့သည်'ဟု မြည်တမ်းလျက်ရှိရှာသည်။ မြတ်တမန်ကား တဒင်္ဂတာမျှ မှေးကနဲဖြစ်သွားခိုက်မှာပင်
မိမိ၏ ဆုတောင်းပြည့်မည့်အကြောင်း အလ္လာဟ်အရှင်ဘက်က အဖြေကို ရရှိခဲ့ရှာသည်။
တမန်တော်မြတ်သည် ဝတ်ပြုရာက ထတော်မူခဲ့ပြီး ရင်ဝယ်ပီတိအဟုန်က သိမ့်သိမ့်တုန်လျက်
မိမိ၏ အမျိုးသားထုထံ ကြွလှမ်းလာပြီး တိုက်ပွဲဝင်ရေးအတွက် အားပေးစကားဆို
ဆိုခဲ့ရှာသည်။ လူထုကြီးကား စိတ်ဓါတ် အဟုန် အမြင့်ဆုံးထိတိုင်တက်ြွကသွားခဲ့ကြပြီး
မိမိတို့မျက်စိရှေ့ဝယ် ဂျန္နသ်သုခဘုံကို မြင်ယောင်လျက် ရှိနေကြသည်။ တမန်တော်မြတ်က
တိုက်ပွဲဝင်လော့ဟု နှိုးဆော်ခဲ့လေပြီ ယုံကြည်သူတို့ကား တစ်သားတည်း ဖြစ်သွားကြပြီး
သူတို့ကား အသက်ရှင်နေရစ်ရန် တိုက်ပွဲဝင်ခြင်းမဟုတ်၊ အသေခံရန်
တိုက်ပွဲဝင်ကြခြင်းဖြစ်သည်ဟု ယုံကြည်ခဲ့ကြလေသည်။ မွတ်စလင်မ်တို့က မဒီနာမြို့သို့
သုံ့ပန်းများထက် တစ်ရက်အလျှင်စောပြီး ရောက်လာခဲ့ကြသည်။ နောက်နေ့တွင် အကျဉ်းသားများ
ရောက်လာခဲ့ကြရာ၌ ကြင်ယာတော် စောင်ဒဟ်သခင်မမှာ အဗူ ယဇီဒ်ဆုဟိုင်လ်ကိုမြင်ခဲ့ရသည်။
သူမက သူ့ကိုမြင်သည်တွင် 'အို -
အဗူယဇီဒ်
အရှုံးပေးအညံ့ခံလိုက်ပြီလား၊ လက်ပေးအောက်ချခံလိုက်ပြီလား။ ဒီလိုအညံ့ခံတာထက်စာရင်
သေရတာက ပိုမြတ်သေးတယ်'ဟု ပြောချလိုက်သည်။ ဤသို့
သရော်ပြောလိုက်ခြင်းသည် သုံ့ပန်းကို လက်နောက်ပြန်ကြိုးတုတ်ထားခြင်းကို မမြင်မိဘဲ
ပြေါဆိုလိုက်ခြင်းဖြစ်သည်။ မိမိကြင်ရာတော်၏ နှုတ်မှ ဤသို့ပြောဆိုသံကို
အိမ်တော်တွင်ရှိနေသည့် တမန်တော်မြတ်က ကြားသိသွားခဲ့သည်တွင် 'အို - နှမတော် စောင်ဒဟ်၊ ရှင်မက သူ့အား
အလ္လာဟ်အရှင်၏ တမန်တော်ကြီးကို ဆန့်ကျင်ဖို့ မြှောက်ထိုးပင့်ကော်လုပ်နေခြင်းလား' ဟုမေးလာသည်။ ကြင်ယာတော်က 'အို - အလ္လာဟ်၏တမန်တော် အသင့်အား သစ္စာတရားနှင့်အတူ စေတော်မူသော အရှင့်ကို
တိုင်တည်ပါ၏။ သူတို့ကို ဤအခြေအနေမျိုးနှင့်တွေ့ရသည်တွင် ကျွန်မစိတ်က
မပြောဘဲမနေနိုင်၍ ဖြစ်ရပါသည်'ဟု ပြန်လည်
လျှောက်ထားတော်မူခဲ့သည်။ ဤဖြစ်ရပ်က ထိုစဉ်ကရှိနေသည့်
လွတ်လပ်စွာပြောဆိုခွင့်ရှိပုံကို ထင်ဟပ်ခြင်းဖြစ်ပါသည်။ စောင်ဒဟ် သခင်မမှာ
အကျဉ်းသားများအပေါ် သနားကရုဏာမရှိ၍ကားမဟုတ်ချေ။ တမန်တော်မြတ် ကိုယ်တော်တိုင်လည်း
သုံ့ပန်းများအပေါ် စာနာမှုထားရှိသည်။ မက္ကာသားတို့ဘက်ကလာပြီး မရွေးမချင်း သို့တည်းမဟုတ်
အလ္လာဟ်အရှင်မြတ်ဘက် သူတို့နှင့်ပတ်သက်ပြီး အမိန့်တစ်စုံတစ်ရာ မကျရောက်မချင်း
မွတ်စလင်မ်တို့အနေနှင့် ဤသုံ့ပန်းများကို လုံးဝသိမ်မွေ့ နူးညံ့စွာ
သဘောထားကြီးစွာဖြင့် ဆက်ဆံခြင်းပြုကြဟု မိန့်ဆိုအပ်နှံတော် မူခဲ့သည်။
တမန်တော်မြတ်(ဆွ)က ရန်သူများအား ခွင့်လွှတ်ချမ်းသာပေးတော်မူခြင်း
တမန်တော်မြတ်(ဆွ)က မိမိအား အမျိုးမျိုးစော်ကား
နှောက်ယှက်ကြ၊ ခဲနှင့်ပေါက်ကြ၊ သေကြောင်းကြံကြ၊ စစ်ပွဲအလီလီ ဆင်နွှဲခဲ့ကြသည့်
ရန်သူတို့အလယ်တွင် အောင်နိုင်သူအဖြစ်နှင့် ရှိနေသည်။ သူတို့အား ရှင်စေသေစေဟု
အာဏာကုန် အမိန့်ပေးနိုင်ချေလည်းရှိနေသည်။ သို့သော်လည်း ရန်သူကို လုံးဝ
လက်တုန့်မပြန်။ အာဏာလည်း မဖက်ခဲ့။ ပြစ်ဒဏ်လည်းမစွက်ခဲ့။ 'လွတ်ငြိမ်းချမ်းသာရာ ရသူများအဖြစ်နှင့် သွားကြ'ဟူသော
စကားတစ်ခွန်းတည်းနှင့် မေတ္တာထား တုန့်ပြန်ပြခဲ့သည်။ တမန်တော်မြတ်သည်
လူသားအားလုံးကို ချစ်ကြည်စုံမက်တော်မူခြင်းကြောင့် မည်သူ့အပေါ် တွင်မျှ
အမုန်းမပွားခဲ့။ သို့သော် လူတို့အနေနှင့် ထိန်းကွပ်နိုင်ခြင်းမရှိသော အရာအချို့ကမူ
အမှန်ပင်ရှိနေသည်။ တမန်တ်ာမြတ် (ဆွ)အပေါ် အပြစ်ရှာသည်ကား တကယ်တော့ မိမိကိုယ်ကိုသာလျှင် မတော်မတရားပြုရာရောက်စေမည်
ဖြစ်ပါသည်။
တမန်တော်မြတ်(ဆွ)၏ ရက်ရောလှပုံ
ငါးပုံတစ်ပုံသော
သုံ့လက်ရပစ္စည်းများမှာ တမန်တော်မြတ် စိတ်ကြိုက်ပြုပိုင်ခွင့်ရှိသည်။ သူ့အတွက်ဟူ၍
ချန်ထားခဲ့သည့် ရသမျှဝေစုထဲက အများဆုံးကို မိမိအား တစ်ချိန်က အသက်ကို
လုပ်ကြံရန်အထိ အကြံပက်စက်ခဲ့ဖူးသည့် ရန်သူကြီးများ၏ မေတ္တာကို ရအံ့စိမ့်သောငှာ
အကုန်ပုံအောပြီး ပေးတော်မူခဲ့သည်။ တမန်တော်မြတ်အနေနှင့် တစ်ချိန်က မက္ကာသား
ရန်သူကြီးများအား သူတို့လိုလားနေကြသည့်အတိုင်း မိမိဘက်က သူတို့ဘက်ကို
ချီးမြှင့်နိုင် သမျှကို ခွဲဝေပေးတော်မူခဲ့သည်။
မက္ကာမြို့တော်သည်
ထာဝရဘေးမဲ့မြို့တော်ဟု တမန်တော်မြတ်(ဆွ)က ကြေညာတော်မူခြင်း
တမန်တော်မြတ်(ဆွ)သည် တစ်ရက်တာ မက္ကာမြို့တော်တွင်
နေထိုင်စဉ်အတွင်းဝယ် လုပ်ဆောင်မှုများ ပြီးစီးသွားခဲ့သည်။ နံနက်မိုးလင်းချိန်တွင်
ကအ်ဗာ၏ကျောင်းတော်ဝန်းကျင်၌ ခူဇာတို့က ဟုဒိုလ်မျိုးနွယ်မှ ရုပ်ထုကိုးကွယ်သူ
တစ်ဦးအား သတ်ဖြတ်ခဲ့ကြောင်းကို တမန်တော်မြတ်မှာ သတင်းကြားခဲ့သည်။
ဤတွင်အမြတ်တော်ရှတော်မူသဖြင့် လူထုကြီးအား မိန့်ခွန်းမြွက်ကြားခဲ့သည်။
တမန်တော်မြတ်က အသက်ဖိုး လျာ်ကြေးကို ပေးခဲ့သည်။ အသတ်ခံရသူကား ဒိဋ္ဌိတစ်ဦးဖြစ်ပြီး
မိမိ၏မဟာမိတ်များအပေါ်တွင် မညှာစတမ်း တမန်တော်မြတ်က ဤသို့အပြစ်ဒဏ်ခပ်ခဲ့ခြင်းကို
မက္ကာသားတို့က အံ့ဩမဆုံးဖြစ်ခဲ့ကြရသည် သူ၏တရားမျှတမှု စိတ်ရင်းကောင်းရှိမှုနှင့်
ခွင့်လွှတ်ခြင်းကြီးမှုကိုကြည့်ပြီး အစုလိုက် အအုံလိုက် အစ္စလာမ်ကို လက်ခံလာခဲ့
ကြသည်။ မိန်းမရိုင်းကြီး ဟင်းဒ်သည်ပင် မွတ်စ်လင်မ်ဖြစ်လာခဲ့သည်။
တမန်တော်မြတ်၏
စာနာထောက်ထားတတ်မှု
လူတစ်ယောက်သည်
မိမိကိုယ်တိုင် ဒုက္ခမဖြစ်ဖူးပါက သူတစ်ပါး ဒုက္ခကိုလည်း မသိတတ်ပေ။ စိတ်ဓါတ်လည်း
မပျော့ပျောင်းပေ။ စာနာ ထောက်ထားမှုကို မသိပေ။ အလ္လာဟ်အရှင်မြတ်သည် တမန်တော်မြတ်အား
ကမ္ဘာ့ကရုဏာရှင် အဖြစ်နှင့် စေလွှတ်တော်မူခဲ့သည်။ ထို့အတွက်ကြောင့်ပင် အလ္လာဟ်
အရှင်မြတ်သည် တမန်တော်မြတ်အား ကမ္ဘာသူ ကမ္ဘာသားများကို သနားကြင်နာထောက်ထား
စာနာတတ်တော်မူစေရန် ကလေးဘဝမှာပင် မိတဆိုး၊ ဖတဆိုး ဖြစ်စေ တော်မူခဲ့သည်။
ဒုက္ခဆင်းရဲမှု အမျိုးမျိုးနှင့်လည်း ရင်ဆိုင်စေတော်မူခဲ့သည်။ တမန်တော်မြတ်သည်
ကမ္ဘာ့ကရုဏာရှင် ပီပီ ကမ္ဘာသူကမ္ဘာသား အားလုံးတို့အား ကြင်နာစာနာတော်မူသည်။ မိတဆိုး
ဖတဆိုးကလေးများကို အလွန် သနားတော် မူသည်။ ဆင်းရဲသူ ဆင်းရဲသားများကို
အလွန်ကိုယ်ချင်းစာနာတော်မူသည်။ သူတစ်ပါး၏ဒုက္ခကို မိမိဒုက္ခသဖွယ် ထင်မှတ်တော်မူသည်။
ကိုယ်ဖိရင်ဖိ ပြုစုတော်မူသည်။
ရန်ကုန်ရန်ချင်းမတုန့်နှင်းဘဲ
မေတ္တာတရားဖြင့် အနိုင်ယူခဲ့ပုံ
တမန်တော်မြတ်၏
ဟောကြားချက်များကို တစ္ဆေ၊ မိစ္ဆာ ဆင်းတု ရုပ်ပွား၊ စုံးနတ်ကဝေ စသည်တို့ကို
နှစ်ခြိုက် ကိုးကွယ်နေကြသော ပြည်သူအများကြားသည့်အခါ ယမ်းနှင့် မီးတွေ့သလို
ဒေါသမာန်တက်ြွကပြီး တမန်တော်အား ကျောက်ခဲများနှင့် ပေါက်ကြလေသည်။ ကိုယ်တော်မှာ
မရှုမလှခံစားသည့်အခါ ကရုဏာသက်သူတို့က ကိုယ်တော်အား ရက်စက်သူများအပေါ် ကြီးလေးသော
အပြစ်ဒဏ်ကျရောက်စေရန် ကျိန်ဆိုတော်မူပါလော့ဟု လျှောက်ကြသည်။ ကိုယ်တော်က
လက်တော်ကိုမြှောက်၍ 'အလ္လာဟ်အရှင်မြတ်သည်
ဝေနေယျသတ္တဝါအပေါင်းတို့အပေါ်၌ ကရုဏာ မေတ္တာတရားပြန့်ပွားစေရန်
ကျွန်ုပ်ကိုစေလွှတ်တော်မူသည်။ သို့ပါလျက် ၎င်းတို့အပေါ်ဝယ် အပြစ်ကျရောက်ရန် အဘယ်ကဲ့သို့
ကျိန်ဆိုပါအံ့နည်း'ဟု မိန့်ဆိုခဲ့သည်။
ပကတိအေးချမ်းတည်ငြိမ်သောတမန်တော်မြတ်(ဆွ)
တစ်ခါက
တမန်တော်မြတ်က ဟာဂ်ျပြုရန်သွားသောအခါ အဲဟ်ရာမ်ဝတ်စုံအနေဖြင့် ဟောင်းနွမ်း နေသော
အထည်အား ဝတ်ဆင်ထားသည်ကိုတွေ့ရသည်။ ယင်းအပေါ်တွင် အပေါက်များကို ဖာထေး ထားသည်။
ဟာဂ်ျကာလတွင် တမန်တော်မြတ်က အလ္လာ့ဟ်ထံသို့ ဆုတောင်းသည်မှာ 'အို - အလ္လာဟ် အရှင်မြတ် - ဤသည်ကျွန်ုပ်၏ ဟာဂ်ျ ဖြစ်ပါသည်။ မည်သည့်ပြစားမှုလည်းမရှိပါ။
မည်သည့်ဂုဏ်ဖော်ခြင်းလည်း မပြုပါ'ဟုဆိုခဲ့သည်။
စကားအရာတွင် မလိုအပ်လျှင်မပြောတတ်၊ အလဟဿစကားကို ပြောဆိုခြင်းမရှိပေ။ သူတစ်ပါးကို
ပင့်မြှောက်ခြင်းလည်းမပြု။ တမန်တော်မြတ်ပြုံးခြင်းသည် ရယ်ခြင်းပင်ဖြစ်သည်။
စကားအရာတွင် အလွန်နှေးခြင်း မရှိသကဲ့သို့ မြန်မြန်ဆန်ဆန်စကားပြောခြင်းလည်းမရှိပါ။
ရဲဘော်ရဲဘက် ဆွဟာဗီတို့က တမန်တော်မြတ်၏ ပြုံးခြင်းကို သဘောတူညီမှုအဖြစ် မှတ်ယူထားကြသည်။
တမန်တော်မြတ်၏ အစုအဝေးသည် ပညာဗဟုသုတ ဖြန့်ဝေရာ အစုအဝေးဖြစ်သည်။ စောင့်ထိန်းတတ်မှု၊
တာဝန်သိမှု၊ ကောင်းမြတ်သော ကျင့်စဉ်ကျင့်ရပ်ကို ဖြန့်ဝေပေးနိုင်ခြင်း
ပြုသောနေရာလည်းဖြစ်သည်။ သူတစ်ပါးအကြောင်းကို ဝေဖန်မှုပြုရာ၊ အတင်းအဖျင်းပြောရာ
နေရာလည်းမဟုတ်ပေ။ တမန်တော်မြတ်မိန့်ချွေစဉ်ကာလ ရဲဘော်ရဲဘက်တို့၏
အာရုံပြုမှုအခြေအနေက အာရဗီစကားပုံအရ ပြောရသော် 'သူတို့၏ငြိမ်သက်မှုကြောင့်
ခေါင်းပေါ်တွင် ငှက်များပင်နားနေနိုင်ပါသည်'ဟု ဆိုရပေမည်။
တမန်တော်မြတ်၏
ထူးကဲမွန်မြတ်လှသော ကိုယ်ကျင့်တရားများ
တမန်တော်မြတ်သည်
အဘယ်မျှထူးကဲမွန်မြတ်လှသော ကိုယ်ကျင့်တရားများကို ပိုင်ဆိုင် ထားတော်မူလေသည်။
အံ့ဖွယ်ရာပင်ဖြစ်သည်။ မိမိလက်အောက်ငယ်သားများအား သွားကြကုန်။ မိမိတို့
အလုပ်များကို ဆောင်ရွက်ကြကုန်ဟု မိန့်ကြားရန် အားနာတော်မူလေသည်။ ဤသည်ကား
ကိုယ်တော်၏ ကိုယ်ရေးကိုယ်တာ ကိစ္စများနှင့် ပတ်သက် သည့်အခါမျိုး၌ဖြစ်သည်။ တစ်ခါက
လူတစ်ဦးသည် တမန်တော်မြတ်(ဆွ)ထံ
ဆိတ်များတောင်းလေသည်။ ထိုဆိတ်များသည် တမန်တော်မြတ်(ဆွ)ပိုင်ဆိတ်များဖြစ်သည်။ ထိုဆိတ်အုပ်သည် တောင်နှစ်လုံးကြား၌ ကျက်စားလျက်ရှိသည်။
တမန်တော်မြတ်(ဆွ)သည်
ဆိတ်အားလုံးကို ထိုသူအားပေးလိုက်သည်။ ထိုသူသည် ဆိတ်အုပ်ကိုယူ၍ မိမိအမျိုးသားများထံသို့
ရောက်ရှိ၍ မိမိ၏အမျိုးသားများအား ပြောပြသည်မှာ 'ကျွန်ုပ်၏အမျိုးသားအပေါင်းတို့
အစ္စလာမ်သာသနာအား လက်ခံကြကုန်။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍
ပြောနေပါသည်။ မုဟမ္မဒ်(ဆွ)သည်
အလွန်ရက်ရောသူ ဖြစ်သည်။ ပေးကမ်းစွန့်ကြဲသည့်နေရာ၌ ဆင်းရဲသွားမည်ကို ထည့်သွင်းစဉ်းစားခြင်းမရှိပါ'ဟုပြောလေသည်။ 'မွတ်စလင်မ်ကျမ်း' သာဝကကြီး အတ်စ်ဝသ်(ရသွေ့)သခင်ထံမှ
ဆင့်ပြန်ခဲ့သည်။ ထိုသာဝကကြီးပြောပြခဲ့သည်မှာ ကျွန်ုပ်သည် အာအေရှာသခင်မအား
တမန်တော်မြတ်(ဆွ)သည် အိမ်၌ရှိစဉ်
မည်သည့်အမှုကိစ္စများကို ဆောင်ရွက်တော်မူသနည်းဟု မေးမြန်းလျှောက်ထားရာ သခင်မက
အိမ်တွင်းကိစ္စများကို ကူညီ ဆောင်ရွက်တော် မူသည်ဟု မိန့်ကြားလေသည်။ (ဗုခါရီကျမ်း) တမန်တော်မြတ်(ဆွ)၏ တမန်တော်သက်တမ်းမှာ ကာလအားဖြင့် (၂၃)နှစ်သာရှိသည်။ ဆောင်ရွက်မှု အတိုင်း အတာမှာမူ
ကိယာမသ်နေ့အထိ ကျယ်ဝန်းမှုရှိသည်။ ထို့ကြောင့် တမန်တော်၏ဘဝတာမှာ တစ်စက္ကန့် ဟူသော
အချိန်ကာလသည်ပင် နှစ်ပေါင်းထောင်သောင်းမကထက် ညီသည်ဟု ဆိုရပေမည်။
ငြိမ်းချမ်းရေးတမန်တော်
တမန်တော်မြတ်သည်
အစ္စလာမ်ကို တင်ပြခဲ့ခြင်းကြောင့် မက္ကာဟ်မြို့သားများမှာ အလုံးအရင်းနှင့် ရန်သက္ကရု
ပြုလာခဲ့ကြသည်။ နောက်ဆုံးတွင် တမန်တော်မြတ်ကို လက်နက်စွဲကိုင်ပြီး
ဆန့်ကျင်လာခဲ့က၏။ မည်မျှပင် ခက်ခဲကြမ်းတမ်းမှုများ၊ ဆင်းရဲပင်ပမ်းမှုများနှင့်
ကြုံတွေ့ခဲ့ရသော်ငြါးလည်း တမန်တော်မြတ်မှာ စိတ်ပျက်အားလျော့ခြင်းမရှိခဲ့ပေ။
အလံမလဲခဲ့ပေ။ နောက်ဆုံးတွင် မိမိ၏အသက်ဘေးအန္တရာယ်နှင့် အစ္စလာမ် သာသနာ့အရေးအတွက်
မဒီနာမြို့သို့ ထွက်ခွာပြောင်းကြွခဲ့ရရှာ၏။ တမန်တော်မြတ်ကြီးနှင့် လူထုကြီးမှာ
မက္ကာဟ်မှ အတန်ငယ်ကွာလှမ်းသည့် ဟုဒိုင်ဗီယာအရပ်ကို ရောက်သည့်တိုင်အောင်
မနားမနေခရီးဆက်ခဲ့သည်။ ဤနေရာတွင် ဝမ်းသာပျော်ရွှင်နေသော ဟာဂျီများ၏ မျက်နှာမှာ
တမဟုတ်ခြင်း လငပုတ်ဖမ်းသည့်နှယ် ညိုမဲသွားကြ၏။ မက္ကာဟ်မှ သံတမန်တစ်ဦးက
တမန်တော်မြတ်ထံ ရောက်လာပြီး 'ဤနေရာမှ ရှေ့ကို
တလှမ်းစာသော်မျှတိုးရန် မကြံပါနှင့်'
ဤသတိပေးချက် ကို
မလိုက်နာပါက မွတ်စလင်မ်များအဘို့ ဒုက္ခဆိုးနှင့် ကြုံတွေ့ရပေမည်။ မက္ကာဟ်မြို့သို့
အသင်တို့ ဝင်ရောက်ခွင့်မရှိဟု ရာဇသံပေးလာခဲ့၏။ အတော်အတန်အရေးဆို
တောင်းပန်သည့်အခါတွင်မှ မက္ကာဟ်သားများ က စာချုပ်တစ်ရပ် ချုပ်ဆိုရေးကို
ဆွေးနွေးကြရန် သဘောတူညီခဲ့ကြ၏။ စာချုပ်ပါစကားများမှာ မွတ်စလင်မ်တို့ကို အကြီးအကျယ်
လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့သည်။ သို့သော် တမန်တော်မြတ်(ဆွ)က ယင်းတို့အား ဆိတ်ငြိမ်စွာနေစေခဲ့ပြီး
စာချုပ်ကို ရေးသားရန် အမိန့်ပေးခဲ့၏။ ဤစာချုပ် ချုပ်ဆိုရာနေရာတွင်
မွတ်စလင်မ်တစ်ထောင့်လေးရာထိစုဝေးလျက်ရှိနေ၏။ အားလုံးပင် ကြံ့ခိုင်သန်စွမ်းပြီး
ရဲစွမ်း သတ္တိအပြည့်အဝရှိကြ၏။ လက်နက်စဲကိုင်ပြီး တိုက်ပွဲဝင်ရဲသူများဖြစ်၏။ အစ္စလာမ့်ညီနောင်များအတွက်
အသက်ကို ပဓာနမထားကြသူမျပင် ဖြစ်ကြ၏။ သို့သော် တမန်တော်မြတ်က ဤစာချုပ်ချုပ်ကို
လက်မှတ် ရေးထိုးခဲ့သည်မှာ ငြိမ်းချမ်းရေးကို ရှေ့ရှုပြီး ဆောင်ရွက်ခဲ့ခြင်း
ဖြစ်ပေသည်။ ငြိမ်းချမ်းရာအစစ်အမှန်အစ္စလာမ်ကို လက်တွေ့သရုပ်သကန်ဖော်ကျူးခဲ့သည့်
မဟာတမန်တော်မြတ်၏ စွန္နသ် မေတ္တာလမ်းစဉ်သည် လောကအဝှန်းကို ဆင်းရဲခပ်သိမ်း၊
ဒုက္ခခပ်သိမ်း၊ ကြောင့်ကြခပ်သိမ်းမှ အမှန်တကယ် လွတ်ငြိမ်း နိုင်ပါသည်။ ဤအချက်ကို
အကြမ်းမဖက်ရေးဝါဒီ မဟတ္တမဂန္ဒီကြီး၊ ပြင်သစ်ဘုရင် နပိုလီယန်၊ အင်္ဂလိပ်စာရေးဆရာကြီး
အားနဒ်ရှော၊ ရုရှားငြိမ်းချမ်းရေးသမားကြီး တော်လ်စတွိုင်း၊ အနောက်တိုင်း
ဒဿနိကပဂေးကြီး ရပ်စဲလ်၊ သမိုင်းသုတေသီ မိုက်ကယ်အိပ်ခ်ျဟတ်စ် တို့အပြင် ခေတ်သစ်၊
ခေတ်နှောင်း၊ ခေတ်ဟောင်းတို့တွင် ပေါ်ထွန်းခဲ့သည့် ပညာရှင်သုတေသီ အမြောက်အမြားတို့က
ဝန်ခံအသိအမှတ်ပြုခဲ့ပါသည်။ ဗြိတိန်နိုင်ငံ၏ အိမ်ရှေ့မင်းသား ချားလ်စ်သည် ဤစာရင်းတွင်
ထိပ်ဆုံးကပါပေသည်။ မေတ္တာရှင်၏ ငြိမ်းချမ်းရေးလမ်းစဉ်နှင့် ချစ်မြတ်နိုးဖွယ်ရာ
ပြုမူကျင့်ဆောင်ချက်များသည် လူသားတို့အား နှစ်ဘဝချမ်းမြေ့သာယာရေးကို လက်တွေ့ ကျကျ
သရုပ်ဖော်ထားပါသည်။ နှလုံးသားကိလေသာကြေးညှော်တို့မှ ကင်းစင်စေရေးမှသည်
အတွင်းအဇ္ဈတ္တသန္တာန်၌ သန္တိသုခစိုက်ရေးအထိ အလေးဂရုပြုကာ နည်းပေးလမ်းပြထား ပေသည်။
လူမှုဆက်ဆံရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဘက်စုံပညာရေး၊ စူးစမ်းရှာဖွေ
သုတေသနပြုရေး စသည်တို့ကို အစ္စလာမ်ဓမ္မတွင် တွေ့မြင်ရမှာဖြစ်သလို လူသားဝါဒ
ဖော်ထုတ်ရေး၊ အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေး၊ လူမျိုးကြီးဝါဒနှင့် ဇာတ်စနစ်ဖျက်သိမ်းရေး၊
ကျွန်စနစ်ချုပ်ငြိမ်းရေး၊ ဝိသမလောဘကိုအရင်းခံသည် လက်ဝါးကြီးအုပ် ဂုတ်သွေးစုပ်
စီးပွားရေးစနစ်ပပျောက်ရေး၊ သမာအာဇီဝကျသော စီးပွားရေး စနစ်ဖြင့်
အသက်မွေးဝမ်းကျောင်းထူထောင်ရေး၊ အမျိုးသမီးများဘဝမြှင့်တင်ရေး၊ လူငယ်ဘဝ စနစ်တကျ
ပြုစု ပျိုးထောင်ရေး၊ သက်ကြီးရွယ်အိုတို့အား စောင့်ရှောက်ရေး၊ တိရိစ္ဆာန်အခွင့်အရေး
အပြည့်အဝပေးရေး၊ မွေးရပ်မြေကို ချစ်မြတ်နိုးရေး၊ အမျိုးသားရေးတာဝန်များ
ကျေပွန်ရေး၊ ပြည်ထောင်အချင်းချင်း ဆက်ဆံရေး၊ ဂျီနီဗာကွန်ဗင်းရှင်း၏
ရေသောက်မြစ်ဟုဆိုနိုင်သော စစ်နှင့်ငြိမ်းချမ်းရေးကာလ ဥပဒေသတို့မှာ မြတ်တမန်တော်
ကိုယ်တော်တိုင် ကျင့်သုံးခဲ့သည့် လောကပါလတရား တစ်စိတ်တဒေသာလျှင်ဖြစ်ပေသည်။
ယနေ့ကမ္ဘာတွင် ကမ္ဘာ့ကုလသမဂ္ဂ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၊
ကလေးများရန်ပုံငွေ အဖွဲ့၊ မြာက်အတ္တလန္တိတ်စာချုပ်နိုင်ငံများက
အစရှိသည့်အဖွဲ့အစည်းများက အဓိကထား ဖ်ာဆောင်နေကြသော တရားမျှတမှု၊ လူသားချင်းစာနာမှု၊
ကလေးငယ်များ၏ အခွင့်အရေးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ အိမ်နီးချင်းများ
အပေါ်ထားရှိရမည့် တာဝန်ဝတ္တရားများသည် အစ္စလာမ်သာသနာဝင်များအတွက် အလ္လာဟ်အရှင်မြတ်က
ချပေးသနားတော်မူခဲ့ကာ ကျမ်းမြတ် ကုရ်အာန်၌ရှင်းလင်းထားရှိပြီး တမန်တော်မြတ်(ဆွ)ကိုယ်တိုင်လည်း
စံပြလက်တွေ့ဖော်ဆောင်လိုက်နာခဲ့ပြီးဖြစ်ပေသည်။ ဤသည်တို့မှာ
တမန်တော်မြတ်ကြီး၏ မေတ္တာတရားနှင့် ယှဉ်၍ ပြုမူဆောင်ရွက်ခဲ့သောချစ်စဖွယ်အပြုအမူများပင် ဖြစ်ပါသည်။
တမန်တော်မြတ်ကြီး၏ မေတ္တာတရားနှင့် ယှဉ်၍ ပြုမူဆောင်ရွက်ခဲ့သောချစ်စဖွယ်အပြုအမူများပင် ဖြစ်ပါသည်။
နိဂုံး
မဟာတမန်တော်မြတ်ကြီး၏
ဘဝတစ်လျှောက် ကျင့်သုံးခဲ့သည့် အကြောင်းအရာများသည် အစ္စလာမ် သာသနာဝင်များအတွက်စံပြုနမူနာယူဖွယ်၊
ချစ်မြတ်နိုးဖွယ်ရာများပင်ဖြစ်ပေသည်။ 'ကြာလည်းမနှောင်း
- နှောင်းလည်းဆန်းသစ် ကဏ္ဍသစ်ကို - မြတ်ချစ်တမန်ဖွင့်ခဲ့သည် 'ဆိုသည့်
ကဗျာလေးအတိုင်းပင် တမန်တော်မြတ်ကြီးသည် ကျွန်ုပ်တို့အတွက် 'ချစ်ကြည်မြတ်နိုးဖွယ်တို့တမန်တော်'ပင်ဖြစ်ပါပေတော့သည်။
ထို့ကြောင့် ကျွန်ုပ်တို့၏ ခေါင်းဆောင်ကြီး တမန်တော်မြတ်(ဆွ)၏ သွန်သင်ဆုံးမမှုများကို
နောက်လိုက်ကောင်းများပီပီ လိုက်နာ ဖော်ထုတ်ကြပါစို့ . . . . . . ။
No comments:
Post a Comment