Wednesday, June 20, 2012

ကျမ်းတော်မြတ် ကုရ်အာန်သမိုင်း


Bismillar

ကျမ်းတော်မြတ် ကုရ်အာန်သမိုင်း "အလ်ကုရ်အာန်" ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်

ဤခေါင်းစဉ်ငယ်တွင်...............
မွတ်စ်လင်မ်များနှင့်သာမက မွတ်စ်လင်မ်မဟုတ်သူအတော်များများနှင့်ပါ အတန်အသင့်ရင်းနှီးပြီးဖြစ်သောအာရဗီဝေါဟာရ "ကုရ်အာန်" ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့်ဝေါဟာရဆင်းသက်ပုံကိုတင်ပြရန်ရည်ရွည်သည်ဖြစ်ကြောင်းဦးစွာပထမလေးစားစွာအသိပေးပါရစေ။ အမိမြန်မာပြည်တွင်းမှီတင်းနေထိုင်လျှက်ရှိသော မွတ်စ်လင်မ်အများစုက မိမိတို့၏ ဘာသာတရားကိုတည်ဆောက်ထားသောပြဌာန်းထားသော အခြေခံ အုတ်မြစ်ဖြစ်သည့် ကျမ်းဂန်ကို မြန်မာဘာသာဖြင့်ုရေးသားရာတွင် "ကုရ်အာန်"ဟုရေးသားသုံးစွဲကြသော်လည်း၊ မွတ်စ်လင်မ်မဟုတ်သည့်ဘာသာခြား အများစုမှာမူ "ကိုရန်" ကျမ်းဟု ရေးသားသုံးစွဲနေကြသည်ကို တွေ့ရှိရပါသည်။ ဤသို့ဖြစ်ရခြင်းသည် မွတ်စ်လင်မ်အများစုမှာ ငယ်စဉ်ကလေးဘဝကပင် အာရဗီ အသံထွက်များဖြင့် ရင်းနှီးပြီးသားဖြစ်သော်လည်း ဘာသာခြားတို့မှာမူ အာရဗီအသံထွက်များဖြင့် ကျွမ်းဝင်ရင်းနှီးမှုမရှိခဲ့ကြသည့်အလျှောက် မိမိတို့အနေဖြင့် လျှာယဉ်နေသော အသံထွက်ဖြင့်သာလျှင်
ခေါ်ဝေါသုံးစွဲနေကြခြင်းကြောင့်ဖြစ်ပေသည်။ ဤသည်ကားဓမ္မတာပင်။ ဤခေါင်းစဉ်တွင် အသံထွက်အမှန်ဖြစ်သော "ကုရ်အာန်"
ဟူ၍သာရေးသားသုံးစွဲသွားမည်ဖြစ်ပါသည်။
အစ္စလာမ်ဘာသာဝင်အားလုံးတို့က ကျမ်းတော်မြတ် ကုရ်အာန်သည် အလ္လာဟ်အရှင်မြတ် ထံတော်မှ သတင်းစကားကို လူသားတို့အားပို့ ချဖြန်ချီခဲ့သည့် တမန်တော်များအစဉ်အဆက်တွင် နောက်ဆုံး နှင့် တံဆိပ်တော် ဖြစ်တော်မူသော မြတ်တမန်တော် မုဟမ္မဒ် (အလ္လာဟ်အရှင်မြတ်အထံတော်မှ ငြိမ်းချမ်းသာယာမှုအဖြာဖြာကိုယ်တော့်အပေါ်သို့ ကျရောက်ပါစေ)ထံသို့ အလ္လာဟ်အရှင်မြတ်မှ ကောင်းကင်တမန်တော် ဂျိဘ်ရာအိလ် ကိုစေလွှတ်၍ ပို့ချခဲ့သော အလ္လာဟ်အရှင်မြတ်၏ "စကားတော်"ဖြစ်သည်ဟု ယုံကြည်ကြပါသည်။
စကားလုံးဝေါဟာရများသည်လည်းကောင်း၊ အဓိပ္ပါယ်သည်လည်းကောင်း အလ္လာဟ်အရှင်မြတ် အထံတော်မှဖြစ်ပြီး ကျမ်းတော်လာ အာယဟ် တော်များသည် ပြိုင်ဘက်ကင်းပြီး၊ လိုက်လံတုပရေးသား၍လည်းအလျှဉ်းမဖြစ်နိုင်ကြောင်း ကမ္ဘာ့သမိုင်းတစ်ခုလုံးက သက်သေခံလျှက်ရှိပါသည်။
ကျမ်းတော်မြတ်ကို ရွတ်ဖတ်သရဇ္ဈယ်ခြင်းသည် အလ္လာဟ်အရှင်မြတ်အားသက်ဝင်ယုံကြည်ကိုးကွယ်၍ပြုသောအမှုများအနက်မှ
ခဝပ်ကိုးကွယ်ခြင်းဆိုင်ရာအမှုတစ်မှုလည်းဖြစ်ပေသည်။ ဤကျမ်းတော်မြတ်သည် အကွဲအလွဲမရှိတစ်ညီတစ်ညွတ်တည်းဖြစ်သော
အခိုင်အမာထောက်ခံမှုတို့ဖြင့် လက်ဆင့်ကမ်း ပို့ချခြင်းခံရသလို ကျမ်းတော်မြတ် အစအဦး အခန်းဖြစ်သော စူရဟ်အလ်ဖွာသိဟဟ် မှ နောက်ဆုံးအခန်းဖြစ်သောစူရဟ်အန္နားစ်အထိစာအုပ်အသွင်ဖြင့်ကနဦးကတည်းကရေသားမှတ်တမ်းတင်ထားခြင်းခံရသောကျမ်းလည်းဖြစ်ပေ သည်။အာရဗီဝေါဟာရ"ကုရ်အာန်"၏ဆင်းသက်ပုံကိုဘာသာစကားဗေဒပညာရှင်တို့၏အထံတွင်မူအယူအဆအမျိုးမျိုးကွဲပြားလျှက်ရှိပေသည်။ ကွဲပြားလျှက်ရှိသောဘာသာစကားဗေဒပညာရှင်တို့၏အယူအဆများအနက် အောက်ပါအယူအဆတို့မှာအလွန်ထင်ရှားလှပေသည်။
၁။ ဘာသာစကားဗေဒပညာရှင်အပါအဝင် အချို့ပညာရှင် တို့၏အဆိုအရ "ကုရ်အာန်" ဟူသောဝေါဟာရ သည်
"
ကရအ" ဟူသော ကြိယာပုဒ် မှဆင်းသက်လာသော "ဖတ်ခြင်း""ရွတ်ခြင်း" "ဖတ်ရန်""ရွတ်ရန်" ဟု အဓိပ္ပါယ်ရသည့် ကြိယာနာမ် ဖြစ်သည်ဟု ဆိုကြလေသည်။ ဤသည့် ဝေါဟာရအဓိပ္ပါယ် ဖွင့်ဆိုချက်ကို ကျမ်းတော်မြတ်"ကုရ်အာန်" တွင်လည်း သက်သေခံချက်လာရှိကြောင်း အောက်ပါအာယဟ်တော်များကို ဖတ်ရှုလေ့လာသိရှိနိုင်ကြပေသည်။
ကျမ်းတော်မြတ်ကုရ်အာန် ၇၅:၁၇-၁၈ တွင်
"
အင်န်နအလိုင်နာ ဂျမ်အဟူ ဝကုရ်အာနဟူ"
ဧကန်စင်စစ် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) ကိုစုပေါင်းခြင်းသည်လည်းကောင်း၊ ထိုနည်းတူစွာ(ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို)
ဖတ်စေခြင်းသည်လည်းကောင်း၊ ငါအရှင်မြတ်၏ တာဝန်ဖြစ်၏။
(
ကျမ်းတော်မြတ်ကုရ်အာန် ၇၅:၁၇)
"
ဖအိဇာ ကရအ်နာဟု ဖသ်သဘိအ် ကုရ်အာနဟူ"
သို့ဖြစ်ပေရာ အကြင်အခါဝယ် ငါအရှင်မြတ်သည် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) ဖတ်ကြားတော်မူခဲ့အံ့။
ထိုအခါ (ယင်းကုရ်အာန်၏ ဖတ်ကြားချက်ကို) အသင်သည် လိုက် (၍ဖတ်) ပါလေ။ နားထောင်ပါလေ။
(
ကျမ်းတော်မြတ်ကုရ်အာန် ၇၅:၁၈)
ကဗျာသီကုံးဖွဲ့ဆိုခြင်းအတတ်ကို ကျွမ်းကျင်သော ဆွဟာဗဟ်ကြီး ဟစ္စါန်ဘင်န်သာဘစ်သ် (ရသွီယလ်လာဟုသအာလါအန်ဟု)က သူ၏ကဗျာတစ်ပုဒ်တွင် တတိယခလီဖွာကြီး အုသ်မာန် ဘင်န် အဖ်ွဖွာန် သခင်ကြီး ကွယ်လွန်ခြင်းနှင့်ပတ်သတ်၍..............
"
အလ္လာဟ်အရှင်မြတ်အားတသရင်း၊ ကျမ်းတော်မြတ်ကုရ်အာန် ရွတ်ဖတ်သရဇ္ဈယ်ခြင်းအမှုတို့၌မွေ့လျော၍ သူ၏ ညတို့ကိုကုန်ဆုံးစေလေ့ရှိသော၊ သက်ဝင်ယုံကြည်ခဝပ်ကိုးကွယ်မှု ၏ လက္ခဏာဖြစ်သည့် အဘိုးအိုအား သူတို့သည် စွန့်လွှတ်ခဲ့လေပြီတကား" ဟုဖွဲ့ဆိုထားကြောင်းကိုလည်း လေ့လာသိရှိမှတ်သားခဲ့ဖူးပါသည်။ ဤကဗျာစာပိုဒ်၏အာရဗီမူရင်းတွင်လည်း "ကုရ်အာန်" ဟူသော ဝေါဟာရကို "ရွတ်ဖတ်သရဇ္ဈယ်ခြင်း" ဟု အဓိပ္ပါယ်ဖွင့်ဖွဲ့ဆိုထားပါသည်။


No comments:

Post a Comment